(ပြည်တွင်း) ဇွန် ၁၄
မြန်မာ–အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် ကလေး–တမူး ဆက်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ထိန်းချုပ် ဖွင့်လှစ်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့များက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ လမ်းကြောင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ဇွန် ၇ ရက်မှစတင်၍ ကလေးဘက်နှင့် တမူးဘက်မှ စစ်ကြောင်းများကို ခွဲတပ်ကာ ဟန်ချက်ညီညီ ချီတက်ပြီး နယ်မြေရှင်းလင်းရေး လုပ်ငန်းများကို အဆင့်လိုက် ဆောင်ရွက်ခဲ့သည်။ ထိုသို့ ဆောင်ရွက်ခဲ့ရာ ဇွန် ၁၃ ရက် ညနေပိုင်းတွင် ကလေးဘက်မှ ချီတက်လာသော စစ်ကြောင်းများက ရာဇဂြိုဟ်ကျေးရွာအား ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ဆက်လက်၍ ယနေ့တွင် ရာဇဂြိုဟ်ရေလှောင်တမံကိုလည်း အောင်မြင်စွာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
ရာဇဂြိုဟ်ရေလှောင်တမံသည် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် မြောက်ပိုင်းရှိ ရာဇဂြိုဟ်ကျေးရွာအနီးတွင် တည်ရှိပြီး ကဘော်ချိုင့်ဝှမ်းဒေသအတွင်း စိုက်ပျိုးရေးရေပေးဝေရေးနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးတို့အတွက် ရည်ရွယ်တည်ဆောက်ထားသည့် အရေးပါသော အဆောက်အအုံဖြစ်သည်။ အဆိုပါတမံကို ၂၀၀၃–၂၀၀၄ ခုနှစ်မှ စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၅–၂၀၁၆ ခုနှစ်တွင် ပြီးစီးကာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်တွင် စတင်လည်ပတ်ခဲ့သည်။ စက်တပ်စွမ်းအား ၄ မဂ္ဂါဝပ်ရှိပြီး ရေလှောင်နိုင်စွမ်း ၅၂၀၀၀ ဧကပေရှိကာ စိုက်ပျိုးမြေ ၈၀၀၀ ဧကအတွက် ရေပေးဝေနိုင်သဖြင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝအတွက် အရေးပါလျက်ရှိသည်။
အကြမ်းဖက်သောင်းကျန်းသူများက ယခင်က တမံအား ထိန်းချုပ်ထားစဉ်အတွင်း ဘန်ကာများ၊ ပစ်ကျင်းများတည်ဆောက်၍ စစ်စခန်းအဖြစ် အသုံးပြုခဲ့သည့်အပြင် ရေထိန်းတံခါးများကို မသင့်တော်စွာ ဖွင့်/ပိတ်လုပ်ဆောင်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူများတွင် လျှပ်စစ်မီး၊ သောက်သုံးရေနှင့် စိုက်ပျိုးရေးရေ မလုံလောက်မှုများ ဖြစ်ပေါ်ခဲ့ရသည်။
ယခုအခါ တမံအား ပြန်လည်ထိန်းချုပ်နိုင်ခြင်းကြောင့် ရေထိန်းတံခါးများကို စနစ်တကျ ပြန်လည်စီမံခန့်ခွဲနိုင်မည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ သောက်သုံးရေ ဖြန့်ဝေရေးနှင့် စိုက်ပျိုးရေးရေပေးဝေရေးလုပ်ငန်းများကို ပုံမှန်ပြန်လည်ဆောင်ရွက်နိုင်တော့မည်ဖြစ်သည်။
အလားတူ အဆိုပါလမ်းကြောင်းအား ယာယီထိန်းချုပ်ထားစဉ်အတွင်း အကြမ်းဖက်အဖွဲ့များက ကုန်တင်ယာဉ်များနှင့် ခရီးသည်ယာဉ်များထံမှ ဆက်ကြေးကောက်ခံခြင်း၊ လက်နက်ဖြင့် ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် မော်တော်ယာဉ်များ မီးရှို့ဖျက်ဆီးခြင်းတို့ကို ကျူးလွန်ခဲ့သဖြင့် ကုန်စည်စီးဆင်းမှုများ ထိခိုက်နှောင့်နှေးခဲ့ပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ထိခိုက်ကျဆင်းခဲ့ရသည်။
ထို့ပြင် ကျေးရွာများအတွင်း ဝင်ရောက်ကာ လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်းနှင့် နေအိမ်များ၊ ဘာသာရေးအဆောက်အအုံများ၊ စာသင်ကျောင်းများတွင် ဘန်ကာများတည်ဆောက်ကာ ယာယီခံစစ်စခန်းများအဖြစ် အသုံးပြု၍ တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုအခါ လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် ဒေသတွင်း ပြည်သူများ အေးချမ်းစွာ နေထိုင်လုပ်ကိုင်နိုင်ရေးနှင့် ကလေး–တမူး လမ်းကြောင်းအား အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နယ်မြေလုံခြုံရေးနှင့် စစ်ဆင်ရေးလုပ်ငန်းများကို ဆက်လက် အရှိန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#PAN