ခါ့ဂ်ကျွန်းကို ခြိမ်းခြောက်ပြီးနောက် အီရန်အပေါ် တတိယမြောက်ည တိုက်ခိုက်မည့်အစီအစဉ်ကို ထရန့် ပြန်လည်ရုပ်သိမ်း

(နိုင်ငံတကာ) ဇွန် ၁၂

     အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်နိုင်ငံကို “အပြင်းအထန်” တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ပြီး နာရီပိုင်းအကြာတွင်မပင် ၎င်းစီစဉ်ထားသည့် တတိယမြောက်ည တိုက်ခိုက်မှုအစီအစဉ်ကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်းနှင့် ဆွေးနွေးပွဲများတွင် အဆင့်မြင့် သဘောတူညီချက်တစ်ရပ် ရရှိခဲ့ပြီဖြစ် ကြောင်း အချက်ပြလိုက်သည်။

     သမ္မတထရန့်က ၎င်း၏ Truth Social လူမှုကွန်ရက်တွင် “အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံနဲ့ ဆွေးနွေးမှုတွေဟာ အီရန်ခေါင်းဆောင်ပိုင်းရဲ့ အမြင့်ဆုံးအဆင့်အထိ ရောက်ရှိသွားပြီး အတည်ပြုချက်ရရှိခဲ့ပြီဆိုတဲ့ အချက်အပေါ် အခြေခံပြီး၊ ကျွန်တော့်အနေနဲ့ ဒီကနေ့ညနေပိုင်းမှာ အီရန်အပေါ် ပြုလုပ်ဖို့ စီစဉ်ထားတဲ့ တိုက်ခိုက်မှုတွေနဲ့ ဗုံးကြဲမှုတွေကို ဖျက်သိမ်းလိုက်ပါတယ်” ဟု ရေးသားခဲ့သည်။

     အဆိုပါ ထုတ်ပြန်ချက်သည် အမေရိကန်စစ်တပ်အနေ ဖြင့် အီရန်၏ ရေနံစိမ်းတင်ပို့မှု ၉၀ ရာခိုင်နှုန်းကို လုပ် ဆောင်ပေးနေသည့် “ခါ့ဂ်ကျွန်း(Kharg Island)”နှင့် အခြားရေနံအခြေခံအဆောက်အအုံများကို သိမ်းပိုက်မည်ဟု သတိပေးခဲ့ပြီး ၅ နာရီခန့်အကြာတွင် ရုတ်တရက် ထွက်ပေါ် လာခြင်းဖြစ်သည်။

     ထရန့်၏အဆိုအရ ဤသဘောတူညီချက်ကို အမေရိကန်၊ အစ္စရေး၊ ဆော်ဒီအာရေဗျ၊ ယူအေအီး၊ ကာတာ၊ တူရကီ၊ ပါကစ္စတန်၊ ဘာရိန်း၊ ကူဝိတ်၊ ဂျော်ဒန်နှင့် အီဂျစ်တို့အပါအဝင် ပါဝင်ပတ်သက်သူအားလုံးက အသေးစိတ်အတည်ပြုခဲ့ကြပြီး၊ လာမည့်ရက်ပိုင်းအတွင်း ဥရောပတွင် လက်မှတ်ရေးထိုးနိုင်ခြေရှိကြောင်း သိရသည်။

     သို့သော်လည်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ၎င်းတို့၏ “အနီရောင်မျဥ်း”(Red lines) အပေါ် ခိုင်မာစွာ ဆက်လက်ရပ် တည်နေဆဲဖြစ်ကြောင်း ပြောကြားကာ အတည်ပြုရန် တုံ့ဆိုင်းနေဆဲဖြစ်သလို၊ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကလည်း အမေရိကန်၏ တောင်းဆိုချက်အချို့အပေါ် ရပ်တည်ပေးမှုကို ကျေး ဇူးတင်ကြောင်း ပြောဆိုခဲ့သော်လည်း ၎င်းတို့ကိုယ်တိုင် ယခုသဘောတူညီချက်တွင် ပါဝင်ခြင်းမရှိသေးကြောင်း အရိပ် အယောင်ပြသခဲ့သည်။

     လေ့လာဆန်းစစ်သူများနှင့် သတင်းထောက်များ၏ သုံး သပ်ချက်အရ သမ္မတထရန့်သည် အီရန်အပေါ် စစ်ရေးအရ အပြင်း အထန်ဖိအားပေးမှုများနှင့် ပြင်းထန်သော စကားလုံးများကို အသုံးပြုကာ ညှိနှိုင်းရေးစားပွဲဝိုင်းတွင် အသာစီးရယူရန် ကြိုး ပမ်းနေခြင်း (Diplomacy at the barrel of a gun) ဖြစ် ကြောင်း ဆိုကြသည်။

     တစ်ချိန်တည်းတွင် အီရန်ဘက်ကလည်း အမေရိကန်၏ တိုက်ခိုက်မှုများကို ဟန့်တားနိုင်စွမ်း ပြန်လည်ရယူရန်အတွက် “အခြေအနေကို လျှော့ချရန် ပိုမိုမြှင့်တင်သည့်နည်းဗျူဟာ” (Escalating to de-escalate) ကို အသုံးပြုနေပုံရသည်။

     လက်ရှိတွင် အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) က အိုမန်ပင်လယ်ကွေ့၌ ရေနံတင်သင်္ဘော သုံးစီးကို ထိန်းချုပ်မောင်းနှင်၍မရအောင် လုပ်ဆောင်ခဲ့သလို၊ အီရန်ကလည်း ဟော်မုဇ်ရေလက်ကြားကို အပြည့်အဝ ပိတ်ဆို့ထားဆဲဖြစ်သည်။ အမေရိကန်၏ တိုက်ခိုက်မှုကြောင့် အိန္ဒိယသင်္ဘောသား ၃ ဦး သေဆုံးခဲ့ရသဖြင့် အိန္ဒိယနိုင်ငံက တိုက်ခိုက်မှုများရပ်တန့်ရန် တောင်းဆိုထားသည်။

     ထရန့်က သဘောတူညီချက်ကို အချောသတ်လက်မှတ်ရေး ထိုးပြီးပါက ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးမည်ဟု ဆိုသော်လည်း အီရန်၏ အမြင့်ဆုံးခေါင်းဆောင်က အမှန်တကယ် သဘောတူညီထားခြင်း ရှိ၊ မရှိကိုမူ ဆက် လက်စောင့်ကြည့်ရဦးမည် ဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

#PAN