အီရန်ကို ကျော်ဖြတ်ပြီး ရေနံစည် သန်း ၁၀၀ တိတ်တဆိတ် သယ်ထုတ်ခဲ့သည်ဟု ထရန့်ပြောကြား၊ မြေပြင်အခြေအနေများနှင့် ကွဲလွဲနေ

(နိုင်ငံတကာ) ဇွန် ၁၁

     အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမေရိကန်စစ်တပ်သည် အီရန်၏ ကန့်သတ်ချက်များကို ဆန့်ကျင်ကာ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်းမှ ရေနံစည်ပေါင်း သန်း ၁၀၀ ကို တိတ်တဆိတ် သယ်ထုတ်နိုင်ခဲ့ကြောင်း ရုပ်မြင် သံကြားတိုက်ရိုက်ထုတ်လွှင့်မှု၌ ပြောကြား လိုက်သည်။

     သို့သော်လည်း နိုင်ငံတကာ ရေကြောင်းခြေရာခံကုမ္ပဏီများနှင့် ကျွမ်းကျင်သူများ၏ အချက်အလက်များအရ ထရန့်၏ ပြောကြားချက်သည် မြေပြင်အခြေအနေများနှင့် ကွဲလွဲနေကြောင်း တွေ့ရှိရသည်။

သမ္မတထရန့်က ၎င်း၏ Truth Social လူမှုကွန်ရက်တွင် “ကျွန်တော်တို့ ပြီးခဲ့တဲ့ညက သင်္ဘော ၂၂ စီးကို မီးတွေအကုန်ပိတ်ပြီး ညဉ့်နက်သန်းခေါင်မှာ သယ်ထုတ်ခဲ့တာပါ။ အမေရိကန်စစ်တပ်က အီရန်ရဲ့ မဟာဗျူဟာမြောက် အခြေခံအဆောက် အအုံတွေကို ခြေမှုန်းပစ်ခဲ့လို့ သူတို့မှာ ရေဒါတွေ မရှိတော့ဘဲ အငိုက်မိသွားတာ ဖြစ်ပါတယ်” ဟု ရေး သားခဲ့သည်။

     ထိုနေ့တွင်ပင် ပြုလုပ်သည့် လွှတ်တော်ကြားနာပွဲ၌ ထရန့်၏ စွမ်းအင်ဝန်ကြီး ခရစ်ရိုက်တ် က မိမိအနေဖြင့် ဟော်မုဇ်ရေလက် ကြားမှ ရေနံစည်သန်းပေါင်းများစွာ တိတ်တဆိတ် သယ်ထုတ်နေသည့် လျှို့ဝှက်ချက်ကို မသိရှိကြောင်းနှင့် ဖြတ်သန်းနေသည့် သင်္ဘောများသည်လည်း အီရန်သင်္ဘောများ မဟုတ်ကြောင်း လွှတ်တော်သို့ ထွက်ဆိုခဲ့သည်။

     ကမ္ဘာ့စွမ်းအင်စီးဆင်းမှု၏ ၂၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြားသည် မတ်လအစောပိုင်း စစ်ပွဲစတင်ကတည်းက တင်းကျပ်စွာ ပိတ်ဆို့ခံထားရသည်။ စစ်မဖြစ်မီက ဤရေလမ်းကြောင်းကို တစ်ရက်လျှင် ရေနံစည် သန်း ၂၀ (သင်္ဘောအစင်းရေ ၁၄၀ ခန့်) နေ့စဉ် ဖြတ်သန်းခဲ့ကြသဖြင့် ထရန့်စွပ်စွဲသည့် ရေနံစည် သန်း ၁၀၀ ဟူသည် စစ်မဖြစ်မီကာလ၏ ၅ ရက်စာ ထွက်ရှိမှု (သင်္ဘောအစင်းရေ ၇၀၀ ခန့်) နှင့် ညီမျှနေ သည်။

     သို့သော် နိုင်ငံတကာ သင်္ဘောခြေရာခံ ထောက်လှမ်းရေးကုမ္ပဏီများ၏ အချက်အလက်များအရ စစ်ပွဲစတင်ကတည်းက ရေလက်ကြားမှ ထွက်ခွာသွားသည့် သင်္ဘောအရေအတွက်မှာ အလွန်နည်းပါးနေသည်ကို တွေ့ရသည်။ Windward ကုမ္ပဏီ ၏ မှတ်တမ်းအရ လွန်ခဲ့သည့် ၅ သီတင်းပတ်အတွင်း ကုန်သွယ် ရေးသင်္ဘော ၈၀ နီးပါးသာ ထွက်ခွာခဲ့ပြီး၊ Kpler ကုမ္ပဏီကမူ သင်္ဘောဖြတ်သန်းမှု ၂၆၄ စင်းအထိ အမြင့်ဆုံးအဖြစ် မှတ်တမ်းတင်ထားသော်လည်း ယင်းပမာဏမှာ ထရန့်ပြောသည့် ရေနံစည် သန်း ၁၀၀ ပြည့်မီရန် လိုအပ်သည့် ရေကြောင်းအသွား အလာထက် များစွာလျော့နည်းနေသေးသည်။

     အမေရိကန်က အီရန်ဆိပ်ကမ်းများအပေါ် ရေတပ်ပိတ် ဆို့မှု ပြုလုပ်ထားသော်လည်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ဤမဟာဗျူဟာမြောက် ရေလမ်းကြောင်းကို တင်းကျပ်စွာ ဆက်လက်စိုးမိုးထားဆဲ ဖြစ် သည်။ ရေလက်ကြားကို ဖြတ်သန်းသွားခဲ့သည့် ကုန်သွယ် ရေးသင်္ဘောအများစုမှာ အမေရိကန်၏ လျှို့ဝှက်အစီအစဉ်ဖြင့် သွားလာခြင်းမဟုတ်ဘဲ အီရန်အစိုးရထံ တရားဝင်ခွင့် ပြုချက်တောင်းခံကာ IRGC ထံ ဖြတ်သန်းခွင့်အခကြေးငွေများ ပေးဆောင်၍ သွားလာခဲ့ကြခြင်း ဖြစ်သည်။



     အမေရိကန် ဖလော်ရီဒါအခြေစိုက် NSI Insurance Group ၏ စီအီးအို အော်စကာ ဆီကာလီ က အလွန်ကြီးမားသော ရေနံ တင်သင်္ဘောကြီး (VLCC)တစ်စီး ရေလက်ကြားတွင် သောင်တင် နေပါက စာချုပ်ပါဒဏ်ကြေး၊ အာမခံနှင့် လောင်စာဆီစရိတ်များကြောင့် တစ်ရက်လျှင် ဒေါ်လာ ၁၀၀,၀၀၀ ခန့် ကုန်ကျနိုင်သဖြင့် ရေရှည်တွင် ရေနံကုမ္ပဏီများအနေဖြင့် အီရန်ကို အခကြေးငွေပေးဆောင်ပြီး ဖြတ် သန်းခြင်းက ပိုမိုသက်သာစေသည်ဟု ယူဆကာ ပေးချေမှုများ ပြုလုပ်နေကြခြင်းဖြစ်ကြောင်း ထောက်ပြထားသည်။

    တီဟီရန်ဘက်က ဟော်မုဇ်ရေလက်ကြားသည် နိုင်ငံတကာရေပြင်တွင် ရှိမနေဘဲ အီရန်နှင့် အိုမန်တို့အကြားတွင်သာ သီး သန့်ပိုင်ဆိုင်ထားခြင်းဖြစ်ကြောင်း ပြောဆိုထားပြီး အီရန်ဆိပ်ကမ်းများအပေါ် စီးပွားရေးအရ အပြစ်ပေးသည့် အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုနှင့် ရင်ဆိုင်နေရသော်လည်း IRGC သည် အဆိုပါ မဟာဗျူဟာကျသော ရေလမ်းကြောင်းအပေါ် တင်းကျပ်စွာ ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

#PAN