အိုမန်ကမ်းလွန်တွင် အမေရိကန်က ရေနံတင်သင်္ဘောများကို ဆက်တိုက်တိုက်ခိုက်၊ အိန္ဒိယသင်္ဘောသား ၃ ဦး သေဆုံးကြောင်း အတည်ပြု

(နိုင်ငံတကာ) ဇွန် ၁၁

     အိုမန်ပင်လယ်ကွေ့အတွင်း အီရန်အပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ချိုးဖောက်သည်ဟုဆိုကာ အမေရိကန်စစ်တပ်က ရေနံတင်သင်္ဘောများကို ဆက်တိုက် တိုက် ခိုက်ခဲ့ရာ၊ ယင်းဖြစ်စဉ်များကြောင့် အိန္ဒိယသင်္ဘောသား ၃ ဦး သေဆုံးသွားခဲ့ကြောင်း အိန္ဒိယအစိုးရက အတည်ပြုထုတ်ပြန်လိုက်ပြီး နယူးဒေလီမြို့ရှိ အဆင့်မြင့်အမေရိကန်သံတမန်ကို ခေါ်ယူကာ ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။

     မကြာသေးမီက အိုမန်နိုင်ငံ ရှိနပ်စ် (Shinas) ဆိပ်ကမ်းကမ်း လွန်တွင် ဂီနီဘစ်ဆောအလံစိုက်ထူထားသည့် MT Jalveer ရေနံတင်သင်္ဘောကို အမေရိကန်ရေတပ်က ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ယင်းသည် ယခုသီတင်းပတ်အတွင်း အမေရိကန်စစ်တပ်က တိုက်ခိုက်ခဲ့သည့် တတိယမြောက် ရေနံတင် သင်္ဘော ဖြစ်သည်။

     အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) ၏ ထုတ်ပြန်ချက်အရ MT Jalveer သင်္ဘောသည် အီရန်နိုင်ငံမှ ရေနံများ သယ်ဆောင်ရန် ကြိုးပမ်းခဲ့ပြီး အမေရိကန်တပ်ဖွဲ့ဝင်များ၏ ညွှန်ကြားချက်ကို လိုက်နာရန် ပျက်ကွက်ခဲ့သဖြင့် အမေရိကန်စစ်လေယာဉ်က ဟဲလ်ဖိုင်းယား (Hellfire) ဒုံး ကျည်နှစ်စင်းဖြင့် သင်္ဘောအင်ဂျင်ခန်းကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါသင်္ဘောပေါ်တွင် လိုက်ပါလာသည့် အိန္ဒိယနိုင်ငံသား ၂၀ ဦးစလုံး ဘေးကင်းစွာ ရွှေ့ပြောင်းနိုင်ခဲ့သည်။

သို့သော်လည်း ယင်းမတိုင်မီတစ်ရက်က အမေရိကန်၏ ပစ် ခတ်မှုကို ခံခဲ့ရသည့် ပလောင်းအလံစိုက်ထူထားသည့် MT Settebello သင်္ဘောပေါ်တွင်မူ အစပိုင်းက ပျောက်ဆုံးနေသော အိန္ဒိယသင်္ဘောသား ၃ ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့သဖြင့် သေဆုံးသွားပြီဖြစ်ကြောင်း အိန္ဒိယသင်္ဘောလုပ်ငန်းဝန်ကြီး ဆာဘာနန်ဒါ ဆိုနိုဝါလ်က အတည် ပြုခဲ့သည်။

     သေဆုံးသူများတွင် အင်ဂျင်နီယာချုပ် ပတ်နာလာ ဆူရက်ရှ် အပါအဝင် အိန္ဒိယနိုင်ငံသား ၃ ဦး ပါဝင်ပြီး ၎င်းတို့၏ ရုပ်အလောင်းများကို နေရပ်ပြန်လည်သယ်ဆောင်ရန် စီစဉ်နေ သည်။

     ယခုတိုက်ခိုက်မှုများသည် လာမည့်သီတင်းပတ်အတွင်း ကျင်းပမည့် ဂျီဆဲဗင်း (G7) ထိပ်သီးအစည်းအဝေး ဘေးပန်းဆွေးနွေးပွဲတွင် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ တွေ့ဆုံဆွေးနွေးရန် ရှိနေချိန်တွင် ပေါ် ပေါက်လာခြင်း ဖြစ်သည်။

     အမေရိကန်စစ်တပ်ကမူ အီရန်နိုင်ငံသို့ သွားရောက်ရန် သို့မဟုတ် အီရန်ရေနံသယ်ယူရန် ကြိုးပမ်းသည့် Settebello နှင့် Marivex သင်္ဘောများကို အမေရိကန်၏ ပိတ်ဆို့မှုအား ချိုးဖောက်မှုဖြင့် ထိန်းချုပ်မောင်းနှင်၍မရအောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

     ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်ဆန်းစစ်လေ့လာရေးအဖွဲ့ Verisk Maplecroft မှ အကဲဖြတ်ပညာရှင် တိုဘီယွန် ဆိုးလ်ဗက် (Torbjorn Soltved) က လက်ရှိဖြစ်ပွားနေသော အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား စစ်ပွဲအတွင်း ရရှိထားသည့် မရေရာသော အပစ်အခတ်ရပ်စဲရေးသည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဖြစ်ပွားခဲ့သော “ပြင်းအား နည်းပဋိပက္ခ” (Low intensity conflict) ကြောင့် ပိုမိုကြီး မားသော ဖိအားများနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့သည်။

     အမေရိကန်ဘက်က ဖိအားပေးစောင့်ဆိုင်းခြင်းဖြင့် အသာ စီးရယူကာ ညှိနှိုင်းလိုနေပြီး၊ အီရန်ဘက်ကလည်း ဟော်မုဇ်ရေ လက်ကြားရှိ သင်္ဘောလိုင်းများကို ဖိအားပေးခြင်းဖြင့် ကမ္ဘာ့စီးပွားရေးကို ထိန်းချုပ်ကာ ပိုမိုကောင်းမွန်သည့် သဘောတူညီချက်ရရန် တောင့်ခံထားကြသဖြင့် တင်းမာမှုများ ပိုမိုမြင့်တက်လာနိုင်ကြောင်း သုံးသပ်ထားကြသည်။

Telegram»…
https://t.me/positiveanglenews

#PAN