(စွမ်းအင်) ဇွန် ၁၁
နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားစနစ်အတွင်း ပို့လွှတ်မှုနှင့် ဖြန့်ဖြူးမှုအပိုင်းများတွင် ဓာတ်အားဆုံးရှုံးမှုများ သိသာစွာ လျော့ကျသွားစေရေးအတွက် ပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ၂၀၂၆ ခုနှစ် ဇွန် ၁၁ ရက်တွင် အသိပေးမေတ္တာရပ်ခံထားသည်။

ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နိုင်ငံတော်လျှပ်စစ်ဓာတ်အားစနစ်၏ ပို့လွှတ်မှုနှင့် ဖြန့်ဖြူးမှုအပိုင်းများတွင် ထုတ်လုပ်လျှပ်စစ်ဓာတ်အားစုစုပေါင်း၏ ၁၈.၃၈ ရာခိုင်နှုန်းခန့် (ယူနစ် ၃၅၅၉ သန်းခန့်) သည် နှစ်စဉ်ပျမ်းမျှအားဖြင့် ဆုံးရှုံးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဓာတ်အားဆုံးရှုံးမှုများကြောင့် လျှပ်စစ်သုံးစွဲလိုသည့် ပြည်သူများထံသို့ ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်မှုအပေါ် ကန့်သတ်ချက်များ ဖြစ်ပေါ်လျက်ရှိသည့်အပြင် နိုင်ငံတော်နှင့် ပြည်သူများ၏ ဘဏ္ဍာငွေများအပေါ်တွင်လည်း နေ့စဉ်နှင့်အမျှ ဆုံးရှုံးမှုများ ဖြစ်ပေါ်စေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အဆိုပါဆုံးရှုံးမှုများကို လျှော့ချနိုင်ရန် နည်းပညာပိုင်းဆိုင်ရာ ဆုံးရှုံးမှုများနှင့် လူတို့၏မသမာမှုများကြောင့် ဖြစ်ပေါ်နေသည့် ဆုံးရှုံးမှုများကို သီးသန့်ခွဲခြား၍ လျှော့ချဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နည်းပညာပိုင်းဆိုင်ရာဆုံးရှုံးမှုများ လျော့နည်းစေရန်အတွက် နိုင်ငံတကာတွင် လက်ခံထားသည့် စံနှုန်းများနှင့် ကိုက်ညီစေရေး ရည်ရွယ်၍ လျှပ်စစ်ဓာတ်အားစနစ်အတွင်း နည်းပညာမြှင့်တင်မှုများ ဆောင်ရွက်ခြင်း၊ ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများကို ပုံမှန်ထိန်းသိမ်းခြင်း၊ Smart မီတာများ တပ်ဆင်ခြင်းနှင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ထိန်းချုပ်နိုင်သည့် စနစ်များ အသုံးပြုခြင်းတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
ထို့အပြင် လူတို့၏မသမာမှုများကြောင့် ဖြစ်ပေါ်နေသည့် ဓာတ်အားဆုံးရှုံးမှုများကိုလည်း စနစ်တကျ ဖော်ထုတ်၍ ဥပဒေနှင့် စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် ထိရောက်စွာ ဟန့်တားအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် မိမိကိုယ်တိုင်ပြုလုပ်လျက်ရှိသည့် မသမာမှုများကို ရပ်တန့်ခြင်း၊ အခြားသူများ၏ မသမာမှုများကို တွေ့ရှိပါက တားဆီးပေးခြင်းနှင့် တိကျစွာ သတင်းပေးတိုင်ကြားခြင်းတို့ကို ဆောင်ရွက်ပေးရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက တိုက်တွန်းထားသည်။
ထို့အပြင် ပြည်သူတစ်ဦးချင်းအနေဖြင့်လည်း လျှပ်စစ်ဓာတ်အား လေလွင့်ဆုံးရှုံးမှုမဖြစ်စေရန် စနစ်တကျ သုံးစွဲခြင်း၊ သက်ဆိုင်ရာလုပ်ငန်းများနှင့် ပူးပေါင်းအကြံပြုခြင်းတို့ဖြင့် အမျိုးသားအကျိုးစီးပွားအတွက် ပါဝင်ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံထားသည်။
လျှပ်စစ်ဓာတ်အားမသမာမှုများနှင့် ပတ်သက်၍ သတင်းပေးတိုင်ကြားနိုင်ရန်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (နေပြည်တော်)၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (MESC) နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များရှိ တာဝန်ရှိရုံးများသို့ ဆက်သွယ်နိုင်ကြောင်းလည်း အသိပေးထားသည်။
သတင်းအပြည့်အစုံဖတ်ရန် – https://positiveanglenews.com/2026/06/11/ဒီဇယ်ဆီတင်သွင်းမှုအပေါ/
Telegram – t.me/positiveanglenews
#PAN