(မှုခင်း) ဇွန် ၁၀
မြန်မာနိုင်ငံ အတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ် နယ်မြေတွင် တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ်(တိုင်ပေ)နိုင်ငံသား ၁၂ ဦး၊ အင်ဒိုနီးရှားနိုင်ငံသားငါးဦးနှင့် ပါကစ္စတန်နိုင်ငံသားနှစ်ဦး၊ စုစုပေါင်းပြည်ပ နိုင်ငံသား ၁၉ ဦးတို့အား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေး တံတားမှတစ်ဆင့်သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီထပ်မံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် မြဝတီခရိုင်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့် တွေ့ဆုံကာ စာရင်းဇယား၊ အချက်အလက်များကိုက်ညီမှုရှိရေးနှင့်ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ပြည်နှင်လွှဲပြောင်းပေးအပ်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်သန်းနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံရုံးမှ Consular Mr. David Leonard Hatumena နှင့်တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံရုံးမှ First Secretary Mr. Fahd Saleem နှင့်တာဝန် ရှိသူများ၊ Taipei Economic and Cultural Office in Myanmar မှ Deputy Director Mr. Leonid Cheng- Yu Chang နှင့်တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
၂၀၂၅ခုနှစ် ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ခုနှစ် ဇွန်လ ၉ ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄၇၀၃ ဦး ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသား အားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့ အနက်မှ ၁၃၅၄၀ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ထို့နောက် လွှဲပြောင်းပေးအပ်ရန်ကျန်ရှိသည့် ပြည်ပ နိုင်ငံသား ၁၁၆၃ ဦးတွင် မြန်မာနိုင်ငံလူဝင်မှု ကြီးကြပ်ရေး ပြဋ္ဌာန်းချက်များ အက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁)နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အပြစ်ပေးအရေးယူခဲ့သည့် ပြည်ပနိုင်ငံသား ၆၆၂ ဦး ရှိသည့်အတွက် ကျန်ရှိသည့်ပြည်ပနိုင်ငံသား ၅၀၁ ဦးတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့်ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့်လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကိုသက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN