လုံခြုံရေးစစ်ဆေးမှုများ ပြည်သူ့အပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် နိုင်ငံတော်သမ္မတ သတိပေး၊ အခြေခံပညာကျောင်း သား ၁ သိန်းကျော် ကျောင်းတက်ရန် ပျက်ကွက်နေဆဲဖြစ်ဟုဆို

(ပြည်တွင်း)ဇွန် ၁၀

     တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဆောင်ရွက်နေသည့် လုံခြုံရေးစစ်ဆေးမှုများနှင့် စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများသည် လုံခြုံရေးနှင့်သက်ဆိုင်သည့် ကိစ္စရပ်များကိုသာ တင်းကျပ်စွာ ကန့်သတ်လုပ်ဆောင်ရမည်ဖြစ်ပြီး ပြည်သူ လူထုအပေါ် မည်သည့်ဝန်ထုပ်ဝန်ပိုးမျှ မဖြစ်စေရကြောင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုကော် မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က သတိပေးပြောကြားလိုက်သည်။

     နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၌ ကျင်းပသည့် ပြည် ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် အမှာစကား ပြောကြားစဉ် ၎င်းက ထိုသို့ ထည့်သွင်းလမ်းညွှန်ခဲ့ခြင်း ဖြစ် သည်။

     ထို့ပြင် စီးပွားရေးကဏ္ဍမြှင့်တင်မှုအနေဖြင့် တောင်ငူ၊ နေပြည်တော်၊ ရမည်းသင်းနှင့် မိတ္ထီလာဒေသ များကို “အထူးစံပြဖွံ့ဖြိုးရေးဇုန်များ” အဖြစ် ဖော်ဆောင်နေကြောင်း သိရသည်။ နိုင်ငံတော်၏ လက်ရှိအခြေအနေအရ စီးပွားရေးမောင်းနှင်အားဖြစ်စေရန် စိုက်ပျိုးမွေးမြူရေးအပြင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) ကုန်ထုတ်လုပ်မှုများကို အဓိကအာရုံစိုက် မြှင့်တင်ရမည်ဖြစ်ကြောင်း၊ အသားငါးဈေးနှုန်းများ သင့်တင့်မျှတစေရန် မွေးမြူရေးဇုန်များကို တိုးချဲ့ဖော်ဆောင်နေကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

     ပညာရေးကဏ္ဍနှင့်ပတ်သက်၍ ယခုနှစ်တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ အပါအဝင် တစ်နိုင်ငံလုံး၌ ကျောင်း သား၊ ကျောင်းသူ စုစုပေါင်း ၆.၇ သန်းကျော် (၆,၇၆၉,၉၄၂ ဦး) ကျောင်းအပ်နှံထားပြီးဖြစ်သော်လည်း၊ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသား ၁၀၀,၀၀၀ ကျော်မှာ ကျောင်းတက်ရန် ပျက်ကွက်နေဆဲဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ထုတ်ဖော်ပြောဆိုခဲ့သည်။ ထို့ကြောင့် ယာယီပိတ်ထားရသည့် စာသင် ကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းတက်နှုန်းမြင့်မားလာစေရေး အား စိုက်ရမည်ဖြစ်ကြောင်း ဆိုသည်။

     ကျောင်းများ ပြန်လည်ဖွင့်လှစ်၍ သင်ကြားမှုများပြုလုပ်နေသည့် လက်ရှိအချိန်တွင် ဆရာ၊ ဆရာမများနှင့် ကျောင်း သား၊ ကျောင်းသူများအားလုံး ဘေးကင်းလုံခြုံစွာဖြင့် သင်ကြားသင်ယူနိုင်မည့် ပတ်ဝန်းကျင်ကို သေချာစွာ ဖန်တီးပေးရမည်ဟု ၎င်းက ထောက်ပြခဲ့သည်။ ၎င်းအပြင် အခြေခံ ပညာကျောင်းများရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများမှ တစ် ဆင့် လက်တွေ့အသုံးချနိုင်မည့် လူ သားအရင်းအမြစ်များ ထွက်ပေါ်လာစေရေး ဝန်ကြီးဌာနအားလုံးက သုတေသနလုပ်ငန်းများကို အလေးထားလုပ် ဆောင်ကြရန် တိုက်တွန်းခဲ့သည်။

     နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် သင့်လျော်သော အဆင့်ဆင့်အုပ်ချုပ်မှုအောက်တွင် ညီညွတ်မျှတစွာ လုပ်ကိုင်ရမည်ဖြစ်ပြီး၊ ပြည်သူ လူထုရင်ဆိုင်နေရသည့် အခက်အခဲများကို ဖြေရှင်းရာတွင် ထုတ်ပြန်ထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီသာ ဆောင် ရွက်ရမည်ဖြစ်ပြီး ပြည်သူများအတွက် မလိုအပ်သော ဒုက္ခနှင့် ဝန်ထုပ်ဝန်ပိုးများ မဖန်တီးမိစေရန် အလေးအနက် သတိပေးခဲ့သည်။

     အဆိုပါ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် နန်းနီနီအေး၊ ပြည်ထောင် စုဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီးနှင့် ပြည် နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ စုံညီစွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

#PAN