ဖွဲ့စည်းပုံပြင်ဆင်ချက် ၄၃ ချက် လွှတ်တော်တင်ရန် ပြင်ဆင်နေကြောင်း NSPNC ထုတ်ဖော်၊ NCA လက်မှတ်ထိုးအဖွဲ့များနှင့် နေပြည်တော်၌ အလွတ်သဘော တွေ့ဆုံဆွေးနွေး

(ပြည်တွင်း)ဇွန် ၁၀

     အစိုးရသစ်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက် ရက်ပေါင်း ၁၀၀ သတ်မှတ်ချက်အတွင်း အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ (NCA-S EAOs) တို့၏ အလွတ်သဘော တွေ့ဆုံဆွေး နွေးပွဲတစ်ရပ်ကို နေပြည်တော်ရှိ M Gallery ဟိုတယ်၌ စတင်ကျင်းပခဲ့သည်။

     ယခုဆွေးနွေးပွဲတွင် အစိုးရဘက်မှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၄၃ ချက်ကို လွှတ်တော်သို့ တင်ပြနိုင်ရေး ဆောင် ရွက်နေသည့် အခြေအနေများကို အသိပေးခဲ့ပြီး တိုင်းရင်းသားအဖွဲ့များဘက်ကလည်း ကြိုတင်စည်း ကမ်းချက်မထားဘဲ အပစ်ရပ်ရေးအပါအဝင် မူဝါဒများကို အဆိုပြုဆွေးနွေးခဲ့ကြသည်။

     ဆွေးနွေးပွဲတွင် NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နိုင်ငံတော်သမ္မတက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ဗဟိုကော်မတီအနေဖြင့် ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့တွင် ကြေညာ ချက်အမှတ် (၁/၂၀၂၆) ဖြင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေးအတွက် တရားဝင်ဖိတ်ခေါ်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

     ၎င်းက ရှေ့ဆက်၍ အလွတ်သဘောရော တရားဝင်ဆွေးနွေးပွဲများကိုပါ ဆက်လက်ပြုလုပ်သွားမည်ဖြစ် ကြောင်းနှင့် လက်ရှိတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက် ၄၃ ချက်ကို လွှတ် တော် (Hluttaw) သို့ တင်ပြနိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

     NCA-S EAOs ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်ဖြစ်သူ RCSS မှ အတွင်းရေးမှူး (၁) စဝ်စိုင်းငင်းက အစိုးရ၏ ဗဟိုကော်မတီဘက်က ထုတ်ပြန်သည့် ဖိတ်ခေါ်ချက်နှင့် ခေါင်း ဆောင်များထံ တစ်ဦးချင်းပေးပို့သည့် ဖိတ်စာများကို ကြို ဆိုကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ယခုဆွေးနွေးပွဲ၏ ရည်မှန်းချက်မှာ လက် ရှိအခြေအနေများနှင့်အညီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန် လည်အသက်သွင်းရန်၊ ပါဝင်သင့်ပါဝင်ထိုက်သည့် အဖွဲ့အစည်းများ အားလုံးပါဝင်လာစေရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်ရန်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

     NSPNC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှင်းလင်းပြောကြားခဲ့ပြီး NCA-S EAOs ညှိနှိုင်းရေးအဖွဲ့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင် အထည်ဖော်မှုနှင့်ပတ်သက်၍ ၎င်းတို့၏ အဆိုပြုချက်များနှင့် အမြင်များကို တင်ပြခဲ့ကြသည်။

NCA-S EAOs ညှိနှိုင်းရေးအဖွဲ့၏ တင်ပြချက်များအပေါ် အခြေခံ၍ တက်ရောက်လာသူများသည် ငြိမ်းချမ်းရေးလုပ်ငန်း စဉ် အကောင်အထည်ဖော်ရာတွင် တင်းမာမှုများကို လျှော့ချရေး၊ အဆင့်လိုက် ငြိမ်းချမ်းရေးမူဝါဒများ၊ လုပ်ငန်းစဉ်များနှင့် ယန္တရားများ ချမှတ်ရေး၊ သက်ဆိုင်ရာအစုအဖွဲ့များအကြား ကြိုတင်စည်းကမ်းသတ်မှတ်ချက်မထားဘဲ အပစ်အခတ်ရပ်စဲရေးနှင့် အပစ်ရပ်လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေး၊ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် တွန်းအားပေးရေး၊ ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းများ ဆောင် ရွက်ရေး၊ NCA ၏ အနှစ်သာရကို အခြေခံ၍ အားလုံးပါဝင်နိုင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ရပ်ကို ရေးဆွဲပြီး စဉ်ဆက်မပြတ် အကောင်အထည်ဖော်ရေး၊ ပဋိပက္ခဖြစ်ပွားရာဒေသရှိ ဒေသခံပြည်သူများ ငြိမ်းချမ်းရေး၏ အကျိုးကျေး ဇူးများကို ခံစားနိုင်စေရန် ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံ တကာအကူအညီများ ရယူရေးနှင့် သက်ဆိုင် ရာအစုအဖွဲ့အားလုံး ပါဝင်မည့် အစည်းအဝေးများအတွက် ပြည်တွင်း သို့မဟုတ် ပြည်ပရှိ သင့်လျော်သော နေရာများကို ရွေးချယ်ရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

    LDU၊ DKBA နှင့် ALP စသည့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အသီးသီးမှ ထိပ်သီးခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ စုံညီစွာ တက်ရောက်ခဲ့ကြသည်။ ကိုယ်စားလှယ်များဘက်က သိရှိလိုသည့် အစိုးရသစ် ၏ ငြိမ်းချမ်းရေး မူဝါဒများနှင့် ရက်ပေါင်း ၁၀၀ သတ်မှတ်ချက် အချိန်ကာလနှင့် ပတ်သက် ၍လည်း NSPNC တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းခဲ့ကြပြီး၊ ဒုတိယနေ့ ဆွေးနွေးပွဲကို ဇွန်လ ၁၀ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

#PAN