
(နိုင်ငံတကာ) ဇွန် ၉
အမေရိကန်ပြည်ထောင်စုက ကျူးဘားနိုင်ငံအပေါ် မကြာသေးမီက ထပ်မံတင်းကျပ်လိုက်သည့် စီးပွားရေးနှင့် စက်သုံးဆီ ပိတ်ဆို့အရေးယူမှုများသည် ကျူးဘားပြည်သူများ၊ အထူး သဖြင့် ကလေးသူငယ်များ၏ အသက်အန္တရာယ်ကို တိုက်ရိုက်ခြိမ်းခြောက်နေသဖြင့် အဆိုပါပိတ် ဆို့မှုများကို “ချက်ချင်းရုပ်သိမ်းရန်” ကုလသမဂ္ဂ လူ့အခွင့် အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့ခ် (Volker Turk) က တနင်္လာနေ့တွင် ပြင်းထန်စွာ တောင်းဆိုလိုက်သည်။
ယခုမှတ်ချက်သည် ကျူးဘားနိုင်ငံအပေါ် ဖိအားပေးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက လုပ်ဆောင်ခဲ့သည့် စစ်ရေးနှင့် စီးပွားရေးဆိုင်ရာ တင်းကျပ်မှုများအပေါ် ကုလသမဂ္ဂဘက်မှ ထွက်ပေါ်လာသည့် အပြင်းထန်ဆုံး ဝေဖန်မှုတစ်ခု ဖြစ် သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲ ဗော်လ်ကာ တာ့ခ်က အမေရိကန်၏ နယ်နိမိတ်ကျော်လွန်ပိတ်ဆို့မှု (Extraterrit-orial Sanctions)များနှင့် ၂၀၂၆ ခုနှစ်အစောပိုင်းကတည်းက စတင်ခဲ့သည့် စက်သုံးဆီကန့်သတ်ချက်များသည် ကျူးဘားပြည်သူများကို တိုက်ရိုက်ဒုက္ခပေးနေကြောင်း ထောက်ပြခဲ့သည်။ “ဆရာဝန်တွေမှာ မရှိမဖြစ်လိုအပ်တဲ့ ဆေးဝါးနဲ့ ဆေးဘက်ဆိုင် ရာပစ္စည်းတွေ ပြတ် လပ်နေတာကြောင့် ကလေးငယ်တွေ သေ ဆုံးနေရပါတယ်။ ဒါဟာ လက်ခံနိုင်စရာ မရှိပါဘူး” ဟု ၎င်းက ဆိုကာ ယခုပိတ်ဆို့မှုများသည် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေ ၏ အခြေခံမူများနှင့် ဆန့်ကျင်နေကြောင်း အလေးအနက် ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့် ဇန်န ဝါရီလတွင် ကျူးဘားနိုင်ငံအား အမေရိကန်၏ အမျိုးသားလုံခြုံရေးအတွက် “ပုံမှန်မဟုတ်ဘဲ ထူးခြားပြောင်မြောက်သည့် ခြိမ်း ခြောက်မှု” ဟု ကြေညာကာ သမ္မတအမိန့်ဖြင့် ဗင်နီဇွဲလားမှ လာသည့် ရေနံနှင့် ရန်ပုံငွေများကို ဖြတ်တောက်ခဲ့သည်။ ထို့ပြင် ကျူးဘားသို့ ရေနံပံ့ပိုးပေးသည့် မည်သည့်နိုင်ငံကိုမဆို မြင့်မား သောအကောက်ခွန်များ စည်းကြပ်မည်ဟု ခြိမ်းခြောက်ခဲ့ရာ ဇန်နဝါရီလကတည်းက ကျူးဘားသို့ ရုရှားရေနံတင်သင်္ဘောတစ်စင်းသာ ဆိုက်ကပ်နိုင်ခဲ့သဖြင့် ကျူးဘားတွင် စက်သုံးဆီ လုံးဝပြတ်လပ်လုနီးပါး ဖြစ်နေသည်။
ကုလသမဂ္ဂက ကိုးကားဖော်ပြသည့် စာရင်းဇယားများအရ ကျူးဘားတွင် ပိတ်ဆို့မှုများကြောင့် ဆိုးရွားသော နောက်ဆက် တွဲဆိုးကျိုးများ ကြုံတွေ့နေရသည်။ မွေးကင်းစကလေး သေဆုံးမှုနှုန်း မှာ မွေးဖွားမှု ၁,၀၀၀ လျှင် ၉.၉ ဦးအထိ နှစ်ဆ မြင့်တက်လာခဲ့ပြီး ကလေးသူငယ်ကင်ဆာ အသက်ရှင်နှုန်း မှာ အစောပိုင်းက ၈ ၅ ရာခိုင်နှုန်းရှိရာမှ ၆၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။
စွမ်းအင်ပြတ်လပ်မှုကြောင့် ခွဲစိတ်ရန် စောင့်ဆိုင်းနေရသူ ၉၆,၃၈၇ ဦးရှိပြီး၊ ယင်းတို့အနက် ၁၁,၁၉၃ ဦးမှာ ကလေးငယ်များ ဖြစ်သည်။ ထို့ပြင် အမြဲတမ်းလျှပ်စစ်မီး လိုအပ်သည့် ဓာတ်ရောင်ခြည်ကုသမှု (Radiotherapy) နှင့် ကျောက်ကပ်ဆေးရန် (Dialysis) လိုအပ်နေသည့် လူနာပေါင်း နှစ်သောင်းနီးပါး ကုသမှုမခံယူနိုင်ဘဲ ဖြစ်နေရသည်။
ကျူးဘားအစိုးရ၏ အတိုက်အခံများကို နှိပ်ကွပ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ မတရားဖမ်းဆီးမှုများကို ကုလသမဂ္ဂက ဝေဖန်ဆန့်ကျင်ပြီး ဖမ်းဆီးထားသူများကို လွှတ် ပေးရန် တောင်းဆိုထားသော်လည်း၊ အမေရိကန်၏ တစ်ဖက် သတ်ပိတ်ဆို့မှုများကြောင့် ကမ္ဘာ့ငွေပေးချေမှုစနစ်နှင့် လေ ကြောင်းလိုင်းများ ဖြတ်တောက်ခံရကာ အရပ်သားပြည်သူများသာ မြေစာပင်ဖြစ်နေရကြောင်း တာ့ခ်က ထောက်ပြခဲ့သည်။
လက်ရှိတွင် ကျူးဘားနိုင်ငံသည် နွေရာသီအပူရှိန်ကြောင့် ရောဂါဘယထူပြောမှု၊ အတ္တလန္တိတ် ဟာရီကိန်းမုန် တိုင်းရာသီ ခြိမ်းခြောက်မှုတို့အပြင် တနင်္လာနေ့ကပင် ကျူးဘားအနောက်ပိုင်း၌ ၆.၁ အဆင့်ရှိ ပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကမူ အမေရိကန်-အစ္စ ရေးတို့၏ အီရန်အပေါ် စစ်ပွဲပြီး ဆုံးပါက ကျူးဘားခေါင်း ဆောင်ပိုင်းကို ဖယ်ရှားရန် စစ်ရေးအရ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် စဉ်းစားနေကြောင်း ထပ်ခါတလဲလဲ အရိပ် အမြွက် ပြောကြားထား သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲကမူ ယခုကဲ့သို့ သဘာဝဘေးအန္တရာယ်များနှင့် စီးပွားရေးပိတ်ဆို့မှုများ ပေါင်း ဆုံသွားခြင်းသည် ကျူးဘားပြည်သူများအတွက် “ပြည့်စုံလွန်းတဲ့ မုန်တိုင်းကြီး” (Perfect Storm) ကဲ့သို့ လူမှုစီးပွားဘဝ ဒုက္ခတွင်းနက်ထဲသို့ တွန်းပို့နေခြင်းဖြစ် ကြောင်း သတိပေးပြောကြားထားသည်။
Telegram»…
https://t.me/positiveanglenews
#PAN