AA အဖွဲ့ဝင် ၅ ဦးနှင့် PDF အဖွဲ့ဝင် ၁ ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်

(ပြည်တွင်း) ဇွန် ၉

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် AA အဖွဲ့ဝင် အမျိုးသား ၅ ဦးနှင့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၁ ဦး စုစုပေါင်း ၆ ဦးသည် ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာခဲ့ကြောင်းသိရသည်။

အဆိုပါ ပြန်လည်၀င်ရောက်လာသူများမှာရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှ အမျိုးသား ၁ ဦး၊ ပေါက်တောမြို့နယ်မှ အမျိုးသား ၁ ဦး၊ပုဏ္ဏားကျွန်းမြို့နယ်မှ အမျိုးသား ၂ ဦး၊ အမ်းမြို့နယ်မှ အမျိုးသား ၁ ဦးနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်မှ အမျိုးသား ၁ ဦးတို့ဖြစ်ကြပြီး  ၄င်းတို့အား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံသည့်အခမ်းအနားပွဲ ယနေ့နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးနိုင်ဦး၊ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ဇော၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ မိသားစု၀င်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက အလင်းဝင်ရောက်လာသူလူငယ်များအား အသိပညာပေးရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

ထို့နောက် ပြန်လည်ဝင်ရောက်လာသူများအား ဆုကြေးငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ကာ ဝန်ခံကတိလက်မှတ်များ ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ စနစ်တကျ လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။

#PAN