ကက်ရှ်မီးယားဒေသတွင် ပါကစ္စတန်စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ်တစ်စီး ပျက်ကျ၊ လိုက်ပါလာသူအားလုံး သေဆုံး

(နိုင်ငံတကာ) ဇွန် ၁၀

     ပါကစ္စတန်ထိန်းချုပ်ရာ ကက်ရှ်မီးယားဒေသ၏ မြို့ တော် မူဇက်ဖာရာဘတ် (Muzaffarabad) အနီးတွင် စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ရာ ရဟတ် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူအားလုံး သေဆုံးသွားခဲ့ကြောင်း ၎င်းနိုင်ငံ၏ သုံးသပ်ရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန (ISPR) က ပြောကြားခဲ့သည်။

     တပ်မတော် လေကြောင်းလိုင်းမှ Mi-17 အမျိုးအစား ရဟတ် ယာဉ်တစ်စီးသည် ပျံတက်စဉ်အတွင်း “စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့်” ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ISPR က ထုတ်ပြန်ချက်တွင် မှတ်ချက်ပြုခဲ့သည်ဟု Dawn သတင်းစာက ဖော်ပြခဲ့သည်။ သို့သော်လည်း သေဆုံးသူ အရေအတွက်ကိုမူ အသေးစိတ်ဖော် ပြထားခြင်း မရှိပေ။

​ “ရဟတ်ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ တာဝန်ရှိသူအားလုံး တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့ကြပါတယ်။ အသက်ရှင်ကျန်ရစ်သူ တစ်ဦးမျှ မရှိပါဘူး” ဟု ISPR က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ ထို့အပြင် ကယ် ဆယ်ရေးနှင့် ပြန်လည်ဆယ်တင်ရေး အဖွဲ့များသည် ပျက်ကျရာနေရာသို့ ချက်ချင်းရောက်ရှိခဲ့ကြကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

“မတော်တဆမှုဖြစ်ရတဲ့ တိကျတဲ့ စက်ပိုင်းဆိုင်ရာ အကြောင်ရင်းကို စုံစမ်းစစ်ဆေးဖို့အတွက် စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ရပ် ဖွဲ့စည်းဖို့ အမိန့်ပေးထားပါတယ်” ဟု စစ်တပ် ၏ မီဒီယာရေးရာဌာနခွဲက ပြောကြားခဲ့သည်။

     ဒေသန္တရအစိုးရက ဆန္ဒပြအဖွဲ့တစ်ခုကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ပိတ်ပင်လိုက်ပြီးနောက် များမကြာမီ ထိုအဖွဲ့မှ အဖွဲ့ဝင်များက ဆန္ဒပြပွဲများ ပြုလုပ်မည်ဟု ပြောကြားခဲ့ကြသဖြင့် မကြာသေးမီရက်ပိုင်းအတွင်း မူဇက်ဖာရာဘတ်မြို့တွင် လုံခြုံရေး အင်အားအမြောက်အမြား တိုးမြှင့်ချထားခဲ့သည်။

     ထိုဒေသရှိ ပွန့်ချ် (Poonch) ခရိုင်၏ မြို့တော် ရာဝါလာကော့ (Rawalakot) မြို့တွင် တနင်္ဂနွေနေ့က ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့စဉ်အတွင်း အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့သည်။

     ယင်းနောက်ပိုင်းတွင် ပါကစ္စတန်ထိန်းချုပ်ရာ ကက်ရှ်မီးယားဒေသရှိ အာဏာပိုင်များသည် ဖက်ဒရယ် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို ဖြန့်ကြက်ချထားခဲ့ပြီး ထိုဒေသအတွက် တင်းကျပ်သော ခရီးသွားလာမှုဆိုင်ရာ သတိပေးချက်ကို ထုတ်ပြန်ထားခဲ့သည်။

Telegram»…
https://t.me/positiveanglenews

#PAN