တရုတ်သမ္မတ ရှီကျင့်ဖျင် ၇ နှစ်အတွင်း မြောက်ကိုရီးယားသို့ ပထမဆုံးအကြိမ် ရောက်ရှိ၊ အမေရိကန်နှင့် မဟာဗျူ ဟာမြောက် ပြိုင်ဆိုင်မှုအကြား ဒေသတွင်း ဩဇာလွှမ်းမိုးမှု ပြန်လည်အတည်ပြုရန် ကြိုးပမ်း

(နိုင်ငံတကာ) ဇွန် ၈

     တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် မကြာသေးမီနှစ်များအတွင်း ပြည်ပခရီးစဉ်များကို လျှော့ချခဲ့ပြီးနောက်၊ ယနေ့ တနင်္လာနေ့တွင် ရှားရှားပါးပါး နိုင်ငံတော်အဆင့် ချစ် ကြည်ရေးခရီးစဉ်အဖြစ် မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံယမ်းသို့ ရောက်ရှိလာကြောင်း တရုတ်အခြေစိုက် ဆင်ဟွာသတင်းဌာနက ဖော် ပြသည်။

     ပြုံယမ်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဂုဏ်ပြုအမြောက် ၂၁ ချက် ပစ်ခတ်ခြင်း၊ နှစ်နိုင်ငံ နိုင်ငံတော် သီချင်းများ တီးခတ်ခြင်းများနှင့်အတူ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဇနီး ဖုန်လီယွမ်တို့အား မြောက်ကိုရီးယားသမ္မတ ကင်ဂျုံအန်နှင့် ဇနီး ရီဆိုးလ်ဂျူတို့က ကိုယ်တိုင် ကိုယ်ကျ နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။

     ပြုံယမ်းမြို့၏ ပင်မရင်ပြင်၌လည်း ပွဲတော်ဝတ်စုံများ ဝတ်ဆင်ကာ အလံများ၊ ပန်းပွင့်များနှင့် ပူဖောင်းများ ကိုင်ဆောင်ထားသည့် ကလေးငယ်များနှင့် လူအုပ်ကြီးက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပြီး၊ လမ်းမတစ်လျှောက်ရှိ အဆောက်အအုံများကိုလည်း တရုတ်နှင့် မြောက်ကိုရီးယား နိုင်ငံတော်အလံများဖြင့် ဝေဝေဆာဆာ ခြုံလွှမ်းချိတ်ဆွဲထားခဲ့သည်။

     ယခုနှစ်ရက်ကြာ ခရီးစဉ်သည် သမ္မတ ရှီကျင့်ဖျင်အတွက် ၇ နှစ်အတွင်း မြောက်ကိုရီးယားသို့ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်ပြီး ခေါင်းဆောင်နှစ်ဦးအကြား ထိပ်သီးဆွေးနွေးပွဲတစ်ရပ် ပြုလုပ်သွားမည်ဖြစ်သည်။

      ရှီကျင့်ဖျင်က ၎င်း၏ ခရီးစဉ်မတိုင်မီ ရေးသားခဲ့သော အယ်ဒီတာ့အာဘော်ဆောင်းပါးတွင် ပေကျင်းနှင့် ပြုံယမ်းအကြား ဆက်ဆံရေးသည် “ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းသစ်များနှင့် ရင်ဆိုင်နေရပြီး သမိုင်းဝင် အစပျိုးမှုအသစ်တစ်ခု” သို့ ရောက်ရှိနေပြီဖြစ်ကာ၊ ယင်းဆက်ဆံရေးကို ခိုင်မာအောင်လုပ်ခြင်းသည် ကွန်မြူနစ်ပါတီ၏ “ဘယ်သောအခါမှ မပြောင်းလဲမည့် မူဝါဒ” ဖြစ်ကြောင်း အလေးအနက် ဆိုထားသည်။

     မြောက်ကိုရီးယားသည် ၎င်း၏ကုန်သွယ်မှု ၉၅ ရာခိုင်နှုန်းအထိကို တရုတ်နိုင်ငံအပေါ် မှီခိုနေရသဖြင့် ပေကျင်းသည် အစဉ်အလာအရ စီနီယာမိတ်ဖက်ဖြစ်ခဲ့သည်။ သို့ သော် ၂၀၂၂ ခုနှစ် ရုရှား-ယူကရိန်းစစ်ပွဲ စတင်ကတည်းက ပြုံယမ်းက မော်စကိုသို့ လက်နက်နှင့် စစ်အင်အားများ ပံ့ပိုးပေးခဲ့ပြီးနောက်ပိုင်း ပထဝီနိုင်ငံရေး အခင်းအကျင်းများ စတင်ပြောင်းလဲလာခဲ့သည်။

     ကျွမ်းကျင်သူများ၏ သုံးသပ်ချက်အရ တရုတ်နိုင်ငံသည် မြောက်ကိုရီးယားအား ရုရှားဘက်သို့ အလွန်အကျွံ ယိမ်းယိုင်မသွားစေရန် တားဆီးရန်နှင့် စစ်ရေးနည်းပညာများ ရရှိသွားခြင်းကို ထိန်းကျောင်းရန်အတွက် ယခုခရီးစဉ်မှတစ်ဆင့် ၎င်း၏ သြဇာလွှမ်းမိုးမှုကို ပြန်လည်အတည်ပြုရန် ကြိုးပမ်းခြင်းဖြစ်သည်။

      ထို့ပြင် အမေရိကန်နှင့် မဟာ ဗျူဟာမြောက် ပြိုင်ဆိုင်မှု ပြင်း ထန်နေသည့် ခေတ်ကာလတွင် အရှေ့မြောက်အာရှ၌ တရုတ်နိုင်ငံ၏ ဦးဆောင်မှုအခန်းကဏ္ဍကို ပြသလိုခြင်းဖြစ်ပြီး၊ ခရီးစဉ်အတွင်း ကင်ဂျုံအန်ထံသို့ ဆန်နှင့် မြေဩဇာ အကူအညီများ ပေး အပ်ခြင်း၊ တရုတ်ခရီးသွားအဖွဲ့များ သွားရောက်မှုကို ပြန်လည်စတင်ခြင်းနှင့် ပူးတွဲစီးပွားရေးစီမံကိန်းများကို ကမ်းလှမ်းဆွေး နွေးသွားဖွယ်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

#PAN