နိုင်ဂျာသဲကန္တာရအတွင်း ကုန်တင်ကားတစ်စင်း ပျက်စီးခဲ့ပြီးနောက် အနည်းဆုံး လူ ၄၉ ဦး ရေငတ်၍ သေဆုံး

(နိုင်ငံတကာ) ဇွန် ၆

     နိုင်ဂျာနိုင်ငံမြောက်ပိုင်း ဝေးလံခေါင်သီသော ဆဟာရ သဲ ကန္တာရအတွင်း ခရီးသည်တင်ဆောင်လာသည့် ကုန်တင်ကားတစ်စင်း ပျက်စီးသွားခဲ့ပြီးနောက် ရက်ပေါင်းများစွာ ပိတ်မိကာ သောက်သုံးရေ ပြတ်လပ်မှုကြောင့် အနည်းဆုံး လူ ၄၉ ဦး ရေငတ်၍ သေဆုံးသွားခဲ့ကြောင်း နိုင်ဂျာအာ ဏာပိုင်များက အတည်ပြုထုတ်ပြန်လိုက်သည်။

     သေဆုံးသူများသည် အိမ်နီးချင်း မာလီနိုင်ငံတွင် သွား ရောက်အလုပ်လုပ်ကိုင်နေကြပြီး အစ္စလာမ်ဘာသာရေးပွဲတော်ဖြစ်သည့် အိဒ်အယ်လ်အာဓာ (Eid al-Adha) ကို မိသားစုများနှင့်အတူ ဆင်နွှဲရန် နိုင်ဂျာနိုင်ငံရှိ ၎င်းတို့၏ နေရပ်သို့ ပြန်လာကြသူများ ဖြစ်သည်။ ၎င်းတို့သည် နိုင်ဂျာနယ်စပ်နှင့် မိုင် ၁၈၀ ကျော်အကွာရှိ မာလီနိုင်ငံ တာဟန်ဒက် (Talhandek) မြို့မှ ရက်ပေါင်းများစွာ မောင်းနှင်လာခဲ့ခြင်း ဖြစ်သည်။

     အာဂါဒက်ဇ် (Agadez) ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ အဆိုပါ လူ ၄၉ ဦးသည် နိုင်ဂျာနှင့် အယ်လ်ဂျီးရီးယားနယ်စပ် ဖြတ်ကျော်ရာဇုန်ဖြစ်သော အာဆာမာကာ (Assamaka)မြို့၏ အနောက်ဘက် မိုင် ၅၀ ကျော်အကွာရှိ လူသူအရောက်အပေါက်နည်းသော ကန္တာရအလယ်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များနှင့် ခရီး သည်များက ကားကို ပြုပြင်ရန် ကြိုးပမ်းခဲ့ကြသော်လည်း မအောင်မြင်ခဲ့ဘဲ၊ အပူချိန်အလွန်ပြင်းထန်ပြီး ရေနှင့်ရိက္ခာ ထောက်ပံ့မှုမရှိသည့် ကန္တာရအတွင်း ပိတ်မိသွားခဲ့ရသည်။

     ကယ်ဆယ်ရေးအဖွဲ့များ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိချိန်တွင် ရပ်တန့်နေသည့် ကုန်တင်ကားအောက်နှင့် ပတ်ဝန်းကျင်တစ်ဝိုက်၌ သက်မဲ့ရုပ်အလောင်း ဒါဇင်ပေါင်းများစွာကို စိတ်မကောင်းစရာ တွေ့ရှိခဲ့ရသဖြင့် ရုပ်အလောင်းများကို ထိုနေရာ ၌ပင် အစုလိုက်အပြုံလိုက် မြှုပ် နှံပေးခဲ့ရသည်။

     ဤဖြစ်စဉ်အတွင်း ခရီးသည်နှစ်ဦးမှာမူ ကန္တာရအတွင်း သောက်သုံးရေရရှိနိုင်မည့် နေရာတစ်ခုဆီသို့ ကီလိုမီတာ ၅၀ (၃၁ မိုင်)ကျော် ခြေကျင်လျှောက်လှမ်းနိုင်ခဲ့သဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။ ၎င်းတို့သည် ထိုမှတစ်ဆင့် နယ်စပ်မြို့ဖြစ်သော အာဆာမာကာသို့ ဆက်လက်သွားရောက်ပြီး အာဏာ ပိုင်များကို အကြောင်းကြား အချက်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

     အဆိုပါ ဆဟာရသဲကန္တာရဇုန်သည် အာဖရိကနိုင်ငံအသီးသီးမှ ဥရောပသို့ သွားရောက်ရန် ကြိုးပမ်းကြသည့် ရွှေ့ပြောင်းနေ ထိုင်သူများနှင့် ဒုက္ခသည်များ ဖြတ်သန်းသွားလာလေ့ရှိသည့် အဓိကလမ်းကြောင်းတစ်ခုဖြစ်ပြီး၊ နှစ်စဉ် လူပေါင်းများစွာသည် ပူပြင်းလှသော သဲကန္တာရအတွင်း လမ်းပျောက်ခြင်း၊ ရေငတ်ခြင်းနှင့် အစာငတ်ခြင်းတို့ကြောင့် အသက်ဆုံးရှုံးကြရလေ့ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

#PAN