
(နိုင်ငံတကာသတင်းဆောင်းပါး) ဇွန် ၆
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးသည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသားပေးပို့ခဲ့ပြီး၊ ကိဗ်အပေါ် မော်စကို၏ လေးနှစ်ကြာ စစ်ပွဲကို အဆုံးသတ်ရန် ဆွေးနွေးမည့် တွေ့ဆုံပွဲတစ်ခုကို အဆိုပြုခဲ့သည်။
ယူကရိန်းသမ္မတ၏ ဝဘ်ဆိုက်တွင် ကြာသပတေးနေ့က အပြည့်အစုံ ထုတ်ပြန်ခဲ့ပြီး ရုရှားနိုင်ငံအပြင် အမေရိကန်ပြည် ထောင်စု အပါအဝင် အခြားနိုင်ငံများထံသို့ သံတမန်လမ်း ကြောင်းများမှတစ်ဆင့် ပေးပို့ခဲ့သည့် အဆိုပါစာသည် ရုရှား၏ ယူကရိန်းကျူးကျော်စစ် ပဥ္စမမြောက်နှစ်ထဲသို့ ဆက်လက်ကူးစက် အရှိန်ပြင်းနေချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ကြာသပတေးနေ့က ယူကရိန်းတစ်ဝှမ်း ရုရှား၏ တိုက် ခိုက်မှုများကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးပြီး ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းအာဏာပိုင်များက ပြောကြားခဲ့သည်။ ဇီလန်းစကီးသည် နှစ်နိုင်ငံအကြား လေးနှစ်ကျော်ကြာ စစ်ပွဲအတွင်း ရုရှား၏ တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသည့် အနည်းဆုံး ကလေးငယ် ၇၀၇ ဦးအတွက်လည်း ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ရုရှားသိမ်းပိုက်ထားသည့် ယူကရိန်းပိုင်နက်အတွင်း ကြာသပတေးနေ့က ယူကရိန်း၏ ဒရုန်းတိုက် ခိုက်မှုများကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့သည်။ ယူကရိန်းသည် ဗုဒ္ဓဟူးနေ့ကလည်း ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ရှိ ရေနံချက်စက်ရုံဝန်းနှင့် ရေတပ်အခြေစိုက်စခန်းတစ်ခုကို တိုက် ခိုက်ခဲ့သည်။
ရုရှားနှင့် ယူကရိန်းတို့သည် စစ်ပွဲစတင်ခဲ့သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကတည်းက သွယ်ဝိုက်သော နည်းလမ်းဖြင့် ငြိမ်း ချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြသော်လည်း တုံ့ပြန်မှု သို့မဟုတ် ခိုင်မာသော ရလဒ်များ တစ်စုံတစ်ရာ ထွက်ပေါ်လာခြင်း မရှိသေးပေ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည်လည်း စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးပွဲစားပွဲဝိုင်းသို့ ခေါ်ဆောင်လာရန် ပူတင်နှင့် ဇီလန်းစကီး နှစ်ဦးစလုံးနှင့် တွေ့ဆုံခဲ့သော် လည်း ယခုအချိန်အထိ ၎င်း၏ ကြိုးပမ်းမှုများမှာ အောင်မြင်မှုမရသေးပေ။
ဇီလန်းစကီး၏ ပူတင်ထံပေးပို့သော အိတ်ဖွင့်ပေးစာသည် အပစ်အခတ်ရပ်စဲရေးအတွက် လမ်းစသစ်တစ်ခု ဖွင့်လှစ်ပေးနိုင်မလား?
ကျွန်ုပ်တို့ သိရှိထားသမျှမှာ အောက်ပါအတိုင်း ဖြစ်သည် –
ဇီလန်းစကီးက ၎င်း၏စာတွင် ဘာတွေပြောထားသလဲ?
၎င်း၏စာတွင် ဇီလန်းစကီးက ပူတင်အား ရုရှားတွင် အာ ဏာရယူထားသည့် ၂၆ နှစ်တာကာလ၏ ထက်ဝက်နီးပါးကို “ယူကရိန်းကို စစ်မီးမွှေခြင်း” ဖြင့် ကုန်လွန်စေခဲ့ကြောင်း ပြောကြားခဲ့ပြီး၊ ရုရှားပြည်သူများသည်လည်း ယခုအခါ ယူကရိန်း၏ ဒုံး ကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုများနှင့် စက်သုံးဆီပြတ်လပ်မှုများကို ပိုမိုငြီးငွေ့လာကြပြီဖြစ်ကြောင်း ဆိုသည်။
“ဒီပကတိတရား – စစ်ပွဲက ရုရှားအပေါ် ဆိုးကျိုးတွေ ပိုပြီး သယ်ဆောင်လာနေတယ်ဆိုတဲ့ အချက်ကို ရုရှားပြည်သူတွေလည်း နောက်ဆုံးမှာ သက်တောင့်သက်သာ မရှိတော့တာကို ကျွန်ုပ်တို့အားလုံး မြင်တွေ့နိုင်ပါတယ်” ဟု ၎င်းက ရေးသားခဲ့သည်။
၎င်းက ပူတင်အား ရေရှည်စစ်ပွဲသည် ရုရှားသမ္မတ၏ ကိုယ် ပိုင်အာဏာတည်မြဲရေး ရာထူးနေရာကိုပါ ခြိမ်းခြောက်လာနိုင်ကြောင်း ပြောကြားခဲ့သည်။ “ဒါဟာ ခင်ဗျားကောင်း ကောင်းသိတဲ့ ရုရှားသမိုင်းရဲ့ အမှန်တရားတစ်ခုပါပဲ – ရုရှားနိုင်ငံ ငြီးငွေ့လာတဲ့အခါ အပြောင်းအလဲက ရောက်လာတတ်တယ်” ဟု ၎င်းက ဆိုသည်။
“အာဏာရပြီး ၂၆ နှစ်အကြာမှာ အသက်အရွယ်ကလည်း သက်ရောက်မှုရှိလာပါပြီ။ အချိန်နဲ့အမျှ ခင်ဗျားအပေါ် ငြီးငွေ့လာမှုကလည်း ပိုပြီးတော့ပဲ ကြီးထွားလာလိမ့်မယ်” ဟု ၎င်းက ထပ် လောင်းပြောကြားခဲ့သည်။
ဇီလန်းစကီးက ၎င်းနှင့် ယူကရိန်းပြည်သူများသည် စစ်မြေ ပြင်တွင် ရုရှားစစ်သားများ သေဆုံးမှုအပေါ် စိုးရိမ်ပူပန်မှု သိပ်မရှိသော်လည်း၊ ယူကရိန်းနိုင်ငံသားတစ်ဦးစီ ဆုံးရှုံးရမှုတိုင်းကမူ အလွန်အရေးကြီးကြောင်း ရေးသားခဲ့သည်။ “ယူကရိန်းရဲ့ ဆုံး ရှုံးမှုနဲ့ ရုရှားရဲ့ ဆုံးရှုံးမှုအချိုးဟာ တစ်အချိုးငါး ဒါမှမဟုတ် တစ်အချိုးခြောက် ဖြစ်နေရင်တောင် ဒါဟာ အလွန်ပဲ အရေးကြီးနေဆဲ ဖြစ်ပါတယ်။
“ကျွန်တော်တို့ ယူကရိန်းနိုင်ငံဟာ အမြဲတမ်းစစ်ပွဲကို မလို လားပါဘူး။ စစ်ပွဲမရှိတဲ့ ဘဝက အတိုင်းအဆမရှိ ပိုကောင်းတယ်ဆိုတာ ကျွန်တော်တို့ ကောင်းကောင်းသိပါတယ်။ အဲဒါကိုလည်း ကျွန်တော်တို့ ရယူချင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ဇီလန်းစကီးက အမေရိကန်သည် လက်ရှိတွင် အီရန်နှင့်ဖြစ် ပွားနေသော စစ်ပွဲအပေါ် အာရုံစိုက်နေရသဖြင့် “ဥရောပက စစ်ပွဲဟာ သူတို့ရဲ့ အာရုံစိုက်မှုဗဟိုချက်ဆီ ပြန်မရောက်မချင်း ဒီအတိုင်း ထိုင်စောင့်နေတာမျိုးက မှားလိမ့်မယ်” ဟု မှတ်ချက်ပြုခဲ့ပြီး၊ ငြိမ်းချမ်းရေးဆီသို့ ဦးတည်မည့် လမ်းစတစ်ခုကို အကြံပြုခဲ့သည်။
“ဒီစစ်ပွဲထဲကနေ ထွက်ခွာမယ့် လမ်းကြောင်းကို လျှောက်လှမ်းဖို့ မကြောက်ပါနဲ့။ ဒါဟာ အခု ခင်ဗျားဆီကနေ လိုအပ်နေတဲ့ အဓိကအချက်ပါပဲ။”
“ယူကရိန်းဟာ ကျွန်တော်တို့နဲ့ ခင်ဗျားတို့အကြား တိုက် ရိုက်ထိတွေ့ဆက်ဆံမှုကတစ်ဆင့် ဒီစစ်ပွဲကို အဆုံးသတ်ဖို့ အဆိုပြုပါတယ်။ ကျွန်တော် တွေ့ဆုံပွဲတစ်ခုကို အဆိုပြုပါတယ်… အကယ်၍ ခင်ဗျားအနေနဲ့ ဒီစစ်ပွဲကို အဆုံးသတ်ရမယ့် အချိန်ရောက်ပြီလို့ ကိုယ်တိုင် ကောက်ချက်မချနိုင်ဘူးဆိုရင်တော့ ယူကရိန်းဟာ ၎င်းရဲ့ တည်ရှိမှုအတွက် ဆက် လက်တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ထပ် လောင်း ပြောကြားခဲ့သည်။
တွေ့ဆုံမည့် နေရာနှင့်ပတ်သက်၍ ဇီလန်းစကီးက “စစ်ပွဲနဲ့ ငြိမ်းချမ်းရေးကိစ္စရပ်တွေကို ဖြေရှင်းဖို့ ခေါင်းဆောင်တွေကို လက်ခံတွေ့ဆုံပေးလေ့ရှိတဲ့ အစဉ်အလာရှိတဲ့ နိုင်ငံတွေ ရှိပါတယ်။ ဆွတ်ဇာလန်၊ တူရကီ၊ အာရပ်ကမ္ဘာက နိုင်ငံတွေ – အများစုဟာ အခုလို တွေ့ဆုံပွဲကို လက်ခံကျင်းပပေးနိုင်သလို ကျင်းပပေးဖို့လည်း ဆန္ဒရှိကြပါတယ်။”
“ကျွန်တော်တို့ဟာ ဥရောပအနေနဲ့လည်း ဒီဖြစ်စဉ်ရဲ့ အစိတ် အပိုင်းတစ်ခု ဖြစ်သင့်တယ်လို့ ယုံကြည်ပါတယ် – အခြေအနေအပေါ် တကယ်ပဲ လွှမ်းမိုးနိုင်စွမ်းရှိတဲ့သူတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အမေရိကန် ပြည်ထောင်စုအနေနဲ့လည်း ဒီဖြစ်စဉ်မှာ ပါဝင်ရမယ်လို့ ယုံကြည်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ကမ္ဘာ့အစိတ်အပိုင်းအတွက် လုံခြုံရေးဆိုင်ရာ ဗိသုကာလက် ရာအသစ်တစ်ခုကို ပုံဖော်ပေးဖို့ ကူညီပေးနိုင်မယ့် အရာ ဖြစ်ပါတယ်” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရီ ဆီဘီဟာ (Andrii Sybiha)က X လူမှုကွန်ရက်ပေါ်တွင် ရေးသားရာ၌ အဆိုပါစာကို “စစ်ပွဲအဆုံးသတ်ရန်… ရှင်းလင်းပြီး လက် တွေ့ကျတဲ့ ခြေလှမ်းတွေနဲ့ ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံဖို့ ဖိတ်ခေါ်ချက်ပါဝင်တဲ့ လေး နက်ပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ အဆိုပြုချက်တစ်ခု” ဟု ဖော်ပြခဲ့သည်။
“ဒီအဆိုပြုချက်အပေါ် အဓိပ္ပာယ်ပြည့်ဝတဲ့ တုံ့ပြန်မှုကို ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒီစစ်ပွဲကို အဆုံးသတ်ရမယ့် အချိန်ရောက်ပါပြီ။ ငြိမ်းချမ်းရေးကို ရွေးချယ်ရမယ့် အချိန်ပါပဲ။”
ဤပေးစာသည် အဘယ်ကြောင့် အရေးပါသနည်း။
အမေရိကန်ပြည်ထောင်စု ဂျာမန်မာရှယ်ရန်ပုံငွေအဖွဲ့ (German Marshall Fund of the United States) ၏ ဘာလင်ရုံးခွဲမှ ဝါရင့်ဧည့်သည်တော်သုတေသနပညာရှင် မားကတ်စ် ဇီနာ (Markus Ziener)က အယ်လ်ဂျာဇီးယားသို့ ပြောကြားရာတွင် အဆိုပါစာကို လူသိရှင်ကြား ထုတ်ပြန်လိုက်ခြင်းသည် ယူကရိန်းအနေဖြင့် သံတမန်ရေးရာအတွက် အဆင်သင့်ဖြစ်နေကြောင်း ကမ္ဘာကို သက်သေပြလိုက်ခြင်းဖြစ်သလို၊ ရုရှားကိုလည်း ၎င်း၏သဘောထားအစစ်အမှန်ကို ဗူးပေါ်သိုးပေါ် ပွင့်ပွင့်လင်းလင်း ပြသလာစေရန် ဖိအားပေးလိုက်ခြင်းဖြစ်ကြောင်း ဆိုသည်။
“ဒါဟာ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ အသာစီးရမှုကို ယူလိုက်တာဖြစ်ပြီး တုံ့ပြန်ဖို့ ဖိအားအားလုံးကို ကရင်မလင် (ရုရှားသမ္မတနန်းတော်)အပေါ် လုံးလုံးလျားလျား ကျရောက်သွားစေပါတယ်” ဟု ၎င်းက ပြောသည်။
သို့သော်လည်း ဇီလန်းစကီးအနေဖြင့် ပူတင်ထံ ယခုကဲ့ သို့ ကမ်းလှမ်းခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်ကြောင်းကိုလည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
“လတ်တလောအဖြစ်ဆုံးအနေနဲ့ ၂၀၂၅ ခုနှစ် မေလ ၁၁ ရက်တုန်းက ပူတင်နဲ့ လူချင်းတွေ့ပြီး မျက်နှာချင်းဆိုင် ဆွေးနွေးဖို့ တူရကီနိုင်ငံဆီ သွားရောက်ဖို့ အဆင်သင့်ရှိနေကြောင်း သူ လူသိရှင်ကြား အတိအလင်း ကြေညာခဲ့ဖူးပါတယ်” ဟု ၎င်းက ဆိုသည်။
ဇီလန်းစကီး၏ ကမ်းလှမ်းချက်အသစ်က ပြသနေသည်မှာ ယူကရိန်းသမ္မတအနေဖြင့် “ရုရှားပြည်မကြီးအတွင်းပိုင်း အဝေးကြီးမှာရှိတဲ့ ရုရှားရဲ့ အခြေခံအဆောက်အအုံတွေကို အောင်မြင်စွာ ပစ်မှတ်ထား တိုက်ခိုက်နိုင်ခဲ့တာအပါအဝင် စစ်မြေပြင်မှာ ရုရှားစစ်တပ်အပေါ် စစ်ရေးအရ အောင်မြင်စွာ ပြန်လည်တွန်း လှန်နိုင်မှုတွေကြောင့် ပိုမိုရဲ တင်း အားတက်လာတာကို” ဖော်ပြနေခြင်းဖြစ်ကြောင်း ဇီနာက ပြောကြားခဲ့သည်။
“ယူကရိန်းသမ္မတဟာ လက်ရှိအချိန်မှာ အခြေအနေအရွေ့က သူ့ဘက်မှာ ရှိနေတယ်လို့ ယုံကြည်နေပြီး၊ ဒါကြောင့် ဆွေးနွေးပွဲတွေ ကမ်းလှမ်းဖို့ အချိန်ကောင်းတစ်ခုဖြစ်တယ်လို့ ယူဆနေတာပါ”
ပူတင်က ဇီလန်းစကီး၏ အဆိုပြုချက်ကို လက်ခံခဲ့သလား။
ရုရှားသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူက ရုရှားရှိ သတင်း ထောက်များအား ပြောကြားရာတွင် သမ္မတ ပူတင်သည် ဇီလန်းစကီး၏ ပေးစာကို သိရှိပြီးဖြစ်သော်လည်း စာပါအကြောင်းအရာ အသေးစိတ်ကိုမူ အစီရင်ခံစာ တင်ပြခြင်း မခံရသေးကြောင်း ပြောဆိုခဲ့သည်။
သို့သော် ကြာသပတေးနေ့က စိန့်ပီတာစဘတ်မြို့တွင် ကျင်းပသည့် ရုရှား၏ နှစ်ပတ်လည် စီးပွားရေးဖိုရမ်ပြပွဲတွင် ပူတင်က ၎င်း၏တပ်ဖွဲ့များသည် ယူကရိန်း၌ နေ့စဉ်နှင့်အမျှ ဆက်လက်စစ်ဆင်ရေး ဆင်နွှဲနေကြောင်း ပြောကြားခဲ့သည်။
“စစ်ဆင်ရေးက နေ့တိုင်း ဆက်ဖြစ်နေပါတယ်။ လက်ရှိမှာ ရုရှားဖက်ဒရေးရှင်းဟာ လူဟန့်စ်ပြည်သူ့သမ္မတနိုင်ငံ (Luhansk People’s Republic) တစ်ခုလုံးကို ရာနှုန်း ပြည့် ထိန်းချုပ်ထားနိုင်ပါပြီ။ ရုရှားဟာ ဒိုးနက်စ်ပြည်သူ့သမ္မတနိုင်ငံ (Donetsk People’s Republic) နယ်မြေရဲ့ ၈၅ ရာခိုင်နှုန်းကျော်ကိုလည်း ၎င်းရဲ့ ထိန်းချုပ်မှုအောက်ထဲ သွတ်သွင်းထားပြီးပါပြီ။ (ပြီးတော့) ဇာပိုရီဇီးယားဒေသရဲ့ နယ်မြေ ၈၀ ရာခိုင် နှုန်းကိုလည်း ထိန်းချုပ်ထားနိုင်ပါပြီ” ဟု ၂၀၂၂ ခုနှစ်ကတည်းက မော်စကိုက ၎င်းတို့ပိုင်နက်အဖြစ် ကြေညာထားသည့် ယူကရိန်းရှိ ဒေသ ၄ ခုအနက် ၃ ခုကို ရည်ညွှန်း၍ ၎င်းက ပြောကြားခဲ့သည်။
“သဘာဝကျကျပဲ ဒီလိုအခြေအနေမျိုးအောက်မှာ ယူကရိန်းဘက်က ကျွန်တော်တို့ကို စစ်ဆင်ရေးတွေ ရပ်တန့်စေချင်မှာပေါ့။ ဒါပေမဲ့ အဲဒါကို ရပ်တန့်ဖို့ထက် အန်ခရေ့ချ် (Anchorage)မှာ ဆွေးနွေးခဲ့တဲ့ အပေးအယူတွေကို သဘောတူခြင်းအားဖြင့် စစ်ပွဲတစ်ခုလုံးကို အပြီးတိုင် အဆုံးသတ်လိုက်တာက ပိုကောင်းပါလိမ့်မယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ ၎င်းသည် ၂၀၂၅ ခုနှစ် ဩဂုတ်လက အလက်စကာတွင် သမ္မတ ထရမ့်နှင့် ကျင်းပခဲ့ပြီး မည်သည့်သဘောတူညီချက်မျှ မရရှိဘဲ ပြီးဆုံးခဲ့သည့် ထိပ်သီးအစည်းအဝေးကို ရည်ညွှန်းခြင်းဖြစ်သည်။
ပူတင်ထံပေးပို့သော ၎င်း၏စာတွင် ဇီလန်းစကီးက ယူကရိန်းအနေဖြင့် ရုရှားက “ယူကရိန်းနဲ့ ဥရောပဆိုင်ရာ အချို့သောကိစ္စရပ်တွေကို ဖြေရှင်းပေးဖို့ အလက်စကာမှာ ကတိပြုခဲ့တယ်” ဆိုသည်ကို ကြားသိရကြောင်း ရေးသားခဲ့သော် လည်း၊ ယူကရိန်းနှင့် ဥရောပဆိုင်ရာ ကိစ္စရပ်များကို အန်ခရေ့ချ် (Anchorage)တွင် ဆုံးဖြတ်၍မရနိုင်ကြောင်း ထည့် သွင်းပြောကြားခဲ့သည်။
“စစ်ပွဲက ဥရောပမှာ ဖြစ်ပွားနေတာဖြစ်ပြီး ယူကရိန်းအနေနဲ့ လုံခြုံရေးအာမခံချက်တွေ လိုအပ်သလို၊ ခင်ဗျား [ပူတင်] ကိုယ် တိုင်လည်း ခင်ဗျားအတွက် လုံခြုံရေးအာမခံချက်တွေ ရှာဖွေနေတာကြောင့် စစ်မှန်တဲ့ အာမခံချက်ပေးနိုင်မယ့်သူတွေကို ဒီဖြစ် စဉ်ထဲမှာ ထည့်သွင်းတာကပဲ ယုတ္တိအရှိဆုံး ဖြစ်ပါလိမ့်မယ်” ဟု ဇီလန်းစကီးက ဆိုသည်။
ပူတင်အနေဖြင့် ဇီလန်းစကီး၏ အဆိုပြုချက်ကို လက်ခံမလားဆိုသည်ကို မသိရသေးသော်လည်း ၎င်းက စိန့်ပီတာစဘတ် ညီလာခံတွင် “ကျွန်တော်တို့ဟာ ငြိမ်းချမ်းတဲ့ နည်းလမ်းတွေကတစ်ဆင့် ယူကရိန်းနဲ့ သဘောတူညီချက်တစ်ခုဆီ ရောက်ရှိဖို့ သေချာပေါက် ပြင်ဆင်ထားသလို ဆန္ဒလည်း ရှိပါတယ်။ အထူး သဖြင့် အန်ခရေ့ချ်မှာ သမ္မတ ထရမ့်နဲ့ တွေ့ဆုံတုန်းက ဆွေးနွေးခဲ့တဲ့ အခြေခံအချက်တွေအပေါ်မှာပေါ့။”
“အကယ်၍ ကျွန်တော်တို့ ပဋိပက္ခရဲ့ အဆုံးသတ်ကို ရောက်ရှိသွားခဲ့ရင် အချင်းချင်း ဘာပြောကြမလဲဆိုတာနဲ့ ပတ်သက်လို့တော့၊ အနည်းဆုံးတော့ ကျွန်တော်တို့ ပြောနိုင်ပါတယ် – တကယ်လည်း ပြောသင့်ပါတယ်၊ ‘အားလုံး ပြီးဆုံးသွားခဲ့ပြီမို့ ဘုရား သခင်ကို ကျေးဇူးတင်ပါတယ်’ လို့ပေါ့” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ယခုအချိန်အထိ ပူတင်သည် ငြိမ်းချမ်းရေး သဘောတူညီချက်ကို အပြီးသတ် ချုပ်ဆိုပြီးမှသာ ဇီလန်းစကီးနှင့် မော်စကို သို့မဟုတ် တတိယနိုင်ငံတစ်ခုခုတွင် တွေ့ဆုံရန် သဘောတူထား သည်။
ရုရှားအနေဖြင့် စစ်ရေးအရ ဖိအားပေးခံနေရသည့် အချိန်တွင် ပူတင်က ဇီလန်းစကီး၏ နောက်ဆုံးအဆိုပြုချက်ကို လက်ခံရန် အလွန်မဖြစ်နိုင်ကြောင်း ဇီနာက ပြောကြားခဲ့သည်၊ အကြောင်းမှာ တိုက်ရိုက်ဆွေးနွေးပွဲများကို သဘောတူလိုက်ခြင်းသည် ကရင်မလင်၏ အားနည်းချက်အဖြစ် ရှုမြင်ခံရနိုင်သော ကြောင့် ဖြစ်သည်။
“ဒါ့အပြင် ဇီလန်းစကီးကို အဆင့်တူ ခေါင်းဆောင်တစ်ဦးအနေနဲ့ တွေ့ဆုံတာဟာ ယူကရိန်းသမ္မတရဲ့ တရားဝင်မှုကို လျှော့ ချဖို့ ရည်ရွယ်ပြီး ကရင်မလင်က နှစ်ပေါင်းများစွာ လုပ်ဆောင်လာခဲ့တဲ့ ဝါဒဖြန့်မှုတွေကို ပျက်စီးသွားစေပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

အမေရိကန်နှင့် ဥရောပတို့သည် ယခုအခါ ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်လာမည်လော။
၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ထရမ့်သည် အမေရိကန်သမ္မတအဖြစ် ဒုတိယအကြိမ်မြောက် ဖြစ်လာကတည်းက ယူကရိန်းရှိ ရုရှား၏စစ်ပွဲကို အဆုံးသတ်ပေးမည်ဟု ကတိပြုခဲ့သည်။
၎င်းသည် စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးရန် ရုရှားသမ္မတ ပူတင်နှင့် ယူကရိန်းသမ္မတ ဇီလန်းစကီး နှစ်ဦးစလုံးနှင့် သီးခြားစီ တွေ့ဆုံခဲ့သော်လည်း ယခုအချိန်အထိ အဆို ပါ ကြိုးပမ်းမှုများ သည် အောင်မြင်မှု မရရှိသေးပေ။
ယူကရိန်းထံမှ သိမ်းပိုက်ထားသော နယ်မြေများကို ဆက် လက်ထိန်းသိမ်းထားရန် ရုရှား၏ ဇွတ်မှိတ်တောင်းဆိုမှုကြောင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများသည် အကြီးအကျယ် ရပ် တန့်နေခဲ့သည်။ ယူကရိန်းကမူ မည်သည့်နယ်မြေကိုမျှ ပေးအပ်ရန် အဆင်သင့်မဖြစ်သေးကြောင်း ပြောကြားထားသည်။
မေလ ၂၂ ရက်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio)က သုံးပွင့်ဆိုင် ဆွေးနွေးပွဲများ မအောင်မြင်ခဲ့သော်လည်း အမေရိကန်အနေဖြင့် ငြိမ်း ချမ်းရေးဆွေးနွေးပွဲ အသစ်တစ်ခုကို စီစဉ်ရန် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့သည်။
ဇီနာက ထရမ့်သည် ဇီလန်းစကီး၏ အစပြုမှုကို ထောက်ခံသည့် လက္ခဏာပြနေသော်လည်း၊ ယင်းသည် ယူကရိန်းအတွက် အမေရိကန်၏ ပံ့ပိုးကူညီမှု အမှန်တကယ် ရှိလာမည်လော ဆိုသည့်အချက်မှာ အဓိကမေးခွန်းတစ်ခုအဖြစ် ရှိနေဆဲ ဖြစ် ကြောင်း မှတ်ချက်ပြုခဲ့သည်။
“သေချာတာကတော့ ထရမ့်ဟာ စစ်ပွဲကို အဆုံးသတ်ချင်ပါတယ်။ ဒါပေမဲ့ သူက အီရန်နဲ့ဖြစ်နေတဲ့ စစ်ပွဲထဲမှာ အာရုံ စိုက်နေရလွန်းလို့ ယူကရိန်းကိစ္စမှာ ပိုပြီး ပါဝင်ပတ်သက်ဖို့ ဆန္ဒမရှိတာမျိုး ဖြစ်နိုင်ပါတယ်။ ဥရောပကတော့ ဇီလန်းစကီးရဲ့ လှုပ်ရှားမှုကို အပြည့်အဝ ထောက်ခံပါတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့်နှစ် ထရမ့် အမေရိကန်သမ္မတရာထူးသို့ ပြန် လည်ရောက်ရှိလာကတည်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ဘေးဖယ်ထားခြင်း ခံခဲ့ရလုနီးပါးဖြစ်သော ဥရောပခေါင်း ဆောင်များသည် ၂၀၂၂ ခုနှစ် စစ်ပွဲစတင်ကတည်း က ရုရှားနှင့် ယူကရိန်းအကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ ပြုလုပ်ရန် ထပ်ဖန်တလဲလဲ တောင်းဆိုခဲ့ကြသည်။
ယခုနှစ် မေလတွင် ယူနိုက်တက်ကင်းဒမ်း၊ ပြင်သစ်၊ ဂျာမနီနှင့် ပိုလန်နိုင်ငံတို့မှ ခေါင်းဆောင်များသည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ရင်ပြင်နီ (Red Square) တွင် ၎င်း၏မဟာမိတ်များကို လက်ခံကျင်းပခဲ့သည့် အောင်ပွဲနေ့စစ်ရေးပြအခမ်း အနား ကျင်းပပြီးနောက်တစ်ရက်တွင် ညီ ညွတ်မှုကို ပြသသည့်အနေဖြင့် ကိဗ်မြို့၌ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဗုဒ္ဓဟူးနေ့က ဂျာမနီအရာရှိတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားရာတွင် ဆွေးနွေးပွဲများ စတင်နိုင်ရန် လချီ၍ ကြာမြင့်နိုင်သေးသော်လည်း၊ ယူကရိန်းကိစ္စနှင့် ပတ် သက်၍ ရုရှားနှင့် ဥရောပအကြား ဆွေးနွေးညှိနှိုင်းမှု လမ်းစတစ်ခုသည် တဖြည်း ဖြည်း ပွင့်လာနေပြီဖြစ်ကြောင်း ဆို သည်။
အဆိုပါဆွေးနွေးပွဲများကို မည်သူက ဦးဆောင်မည်ဆို သည်ကို ရှင်းရှင်းလင်းလင်း မရှိသေးသော်လည်း ဂျာမနီ၊ ပြင်သစ်နှင့် ယူကေတို့က အရေးပါသော အခန်းကဏ္ဍမှ ပါ ဝင်လိမ့်မည်ဖြစ် ကြောင်း ခိုင်မာသော အရိပ်အယောင်များ ရှိနေသည်ဟု အဆိုပါ ဂျာမနီအရာရှိက ရိုက်တာသို့ ပြောကြားခဲ့သည်။
ကြာသပတေးနေ့တွင် ပူတင်က အပစ်ရပ်ဆွေးနွေးပွဲများ၌ ဥရောပခေါင်းဆောင်များ ပါဝင်ပတ်သက်မှုကို ပယ်ချခဲ့သည်။
“ကျွန်တော်တို့ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေတဲ့ နိုင်ငံကို တိုက်ရိုက်ကူညီပံ့ပိုးပေးနေတဲ့ အီးယူ (EU) ဒါမှမဟုတ် အီးယူအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံချင်းစီက ဘယ်လိုလုပ် ကြားဝင်စေ့စပ်ပေးသူအဖြစ် ဆောင်ရွက်နိုင်မှာလဲ” ဟု ၎င်းက စိန့်ပီတာစဘတ်ရှိ သတင်းထောက်များကို မေးခွန်းထုတ်ခဲ့သည်။
“ကြားဝင်စေ့စပ်ပေးတယ်ဆိုတာ ဘက်မလိုက်မှုကို ဆိုလိုတာပါ” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
(Al Jazeera သတင်းဌာနမှ Priyanka Shankar ၏Zelenskyy asks Putin for meeting: What’s he offering, could Russia accept? သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)
Telegram»…
https://t.me/positiveanglenews
#PAN