စစ်ကိုင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးတွင် ချိန်ကိုက်ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ ဝန်ထမ်းနှင့် အရပ်သား ၁၉ ဦး ဒဏ်ရာရရှိ

(ပြည်တွင်း)ဇွန် ၆

     စစ်ကိုင်းမြို့ရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဆိုင်ရာရုံးတွင် မနေ့က (ဇွန် ၅ ရက်) နံနက်ပိုင်းက ချိန်ကိုက်မိုင်း/ဗုံးဖြင့် တိုက်ခိုက်ခံရမှုကြောင့် နိုင်ငံ့ဝန်ထမ်းများနှင့် အစိုးရရုံးသို့ လာရောက်ကြသည့် ဒေသခံပြည်သူ စုစုပေါင်း ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

     အဆိုပါ ပေါက်ကွဲမှုသည် မြို့နယ်လဝကရုံးအတွင်း၌ အကျုံး ဝင်သည့် နိုင်ငံသားများနှင့် ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) ထုတ် ပေးခြင်းနှင့် e-ID စနစ်အတွက် ဇီဝအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများ ဆောင် ရွက်ပေးနေသည့် “လမင်းစီမံချက်” ပြုလုပ်နေစဉ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

     သက်ဆိုင်ရာ အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ ပေါက်ကွဲမှုကြောင့် လဝကဝန်ထမ်း ၆ ဦးနှင့် ရုံးသို့ ရောက်ရှိနေသည့် အရပ်သားပြည်သူ ၁၃ ဦး၊ စုစုပေါင်း ၁၉ ဦးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြသည်။ ထို့ပြင် ပေါက် ကွဲမှုအရှိန်ကြောင့် ရုံးခန်းတွင်းရှိ အဆောက်အအုံအစိတ် အပိုင်းများနှင့် အရေးကြီးရုံးစာရွက်စာတမ်းအချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

     ဗုံးစထိမှန်ဒဏ်ရာရရှိသူ အားလုံးကို စစ်ကိုင်းမြို့ ပြည်သူ့ဆေး ရုံကြီးသို့ အရေးပေါ်ပို့ဆောင်ကာ ဆေးဝါးကုသမှု ခံယူစေလျက်ရှိသည်။

တာဝန်ရှိသူများက အရပ်သားပြည်သူများ အသုံးပြုနေသည့် အုပ်ချုပ်ရေးနှင့် ဝန်ဆောင်မှုဆိုင်ရာ ရုံးဌာနများကို ရည်ရွယ် ချက်ရှိရှိ တိုက်ခိုက်ခြင်းအပေါ် ရှုတ်ချကြောင်း ပြောကြားခဲ့ပြီး၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကို ကျူးလွန်ခဲ့သည့် တရားခံများကို စုံစမ်းဖော်ထုတ်ကာ ဖမ်းဆီးအရေးယူနိုင်ရေးအတွက် အခင်းဖြစ်ပွားရာ ပတ်ဝန်းကျင်အား ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

#PAN