ကဝမြို့နယ်တွင် ကလေးသုံးဦးအပါအဝင် မိသားစုဝင် ၅ ဦး အသတ်ခံရ

(မှုခင်း) ဇွန် ၆

ပဲခူးတိုင်းဒသကြီး၊ ကဝမြို့နယ် သင်ဘင်ကန်ကျေးရွာအုပ်စု၊ ရွှေဘုံသာကျေးရွာတွင် ကလေးသုံးဦးအပါအဝင် မိသားစုဝင် ၅ ဦး အသတ်ခံခဲ့ရကြောင်း သိရသည်။

ကဝမြို့နယ် ရွှေဘုံသာကျေးရွာမှ အသက် ၅၀ကျော် အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၃၈ နှစ် အရွယ်အမျိုးသမီး တစ်ဦး ၊ အသက် ၁၁နှစ်အရွယ် ယောကျာ်းလေးတစ်ဦး၊ အသက် ၈ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးနှင့် အသက် ၄ နှစ်အရွယ် ကလေးငယ် တစ်ဦးတို့ ဇွန်လ ၁ရက်နေ့တွင် အသတ်ခံရခြင်း ဖြစ်ပြီး ဇွန်လ ၃ရက်နေ့ရောက်မှသာ ဒေသခံများမှတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

ထိုမိသားစုဝင်များမှာ ဦးအေးစိုး၏မိိသားစုဝင်များဖြစ်ပြီရွှေဘုံသာကျေးရွာအပြင်ဘက် လယ်ကွင်းရှိ လယ်တဲတွင် နေထိုင်ကြသူများဖြစ်ကြကြောင်း၊အသက် (၃၈) နှစ်အရွယ် အမျိုးသမီးနှင့် ကလေးငယ်သုံးဦးမှာ သားအမိများဖြစ်ကြကြောင်း၊ အသက် (၄) နှစ်အရွယ် မိန်းကလေးငယ်တွင် ဦးခေါင်းဒဏ်ရာနှင် အသက်ရှင်လျှက် တွေ့ခဲ့ရသော်လည်း ဆေးရုံပို့ပြီးမကြာခင်အချိန်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ မိသားစုသည် ကလေးငယ်များ၏ ပညာရေးအတွက် ရွှေဘုံသာကျေးရွာသို့ ပြောင်းရွှေ့လာသည်မှာ မကြာသေးကြောင်း ၊ အသတ်ခံရသည့် အသက် ၈နှစ်အရွယ် မိန်းကလေးငယ်နှင့် အသက် ၁၁ နှစ်အရွယ် ယောယောကျာ်းလေးတို့သည် ရွှေဘုံသာကျေးရွာရှိ အလယ်တန်းကျောင်း (ခွဲ) တွင် ပညာသင်ကြားနေကြသူများဖြစ်ကြကြောင်း၊ ကျောင်းတစ်ရက်သာ တက်ရသေးကြောင်း သိရသည်။

၎င်းအသတ်ခံရသည့် မိသားစုဝင်ငါးဦး၏ ရုပ်အ‌လောင်းအများအား ဇွန် ၄ ရက်နေ့တွင် ရွှေဘုံသာကျေးရွာရှိ သုဿာန်၌ မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

ကလေးငယ်များ အပါအဝင် မိသားစုဝင်ငါးဦး အသတ်ခံရသည့်ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျူးလွန်သူဟု ယူဆရသည့် တရားခံများကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

#PAN