
(နိုင်ငံတကာသတင်းဆောင်းပါး) ဇွန် ၃
အီရန်ခေါင်းဆောင်ပိုင်းသည် အမေရိကန်ပြည် ထောင်စုနှင့် ရရှိနိုင်ခြေရှိသော သဘောတူညီချက်တစ်ခုအတွက် တံခါးကို လုံးဝပိတ်မထားသော်လည်း၊ နှစ်ဖက်စလုံးရှိ ပိုမိုတင်းမာသော သဘောထားတင်းမာသူများ (Hawkish voices)၏ တောင်းဆိုမှုများကြောင့် မည်သည့်နားလည်မှုမျိုးကိုမဆို ရယူရန် ခက်ခဲစေလျက်ရှိသည်။
စစ်ပွဲစတင်ပြီး သုံးလကျော်ကြာလာသည့်တိုင်အောင် အီရန် ဘက်က ရေလမ်းကြောင်းကို ထိန်းချုပ်ရန် အခိုင်အမာတောင်းဆိုမှုနှင့် အမေရိကန်က အီရန်ဆိပ်ကမ်းများကို ပိတ် ဆို့ထားမှုတို့ကြောင့် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် နိုင်ငံ တကာ ကုန်စည်ကူးသန်းသွားလာမှုကို မည်သို့ကိုင်တွယ်မည်ဆိုသည့်အချက်အပေါ် ဝါရှင်တန်နှင့် တဟီရန်တို့အကြား သဘောတူညီချက် မရရှိသေးပေ။ ထို့ပြင် နျူကလီးယား သန့်စင်မှုဆိုင်ရာ ကိစ္စရပ်များ၊ အီရန်အတွင်း မြေအောက်၌ သိုလှောင်ထားသော သန့်စင်မှုအဆင့်မြင့် ယူရေနီယံကိစ္စရပ်များ သို့မဟုတ် အီရန်အပေါ် ချမှတ်ထားသည့် အမေရိကန်နှင့် ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းရေးကိစ္စရပ်များတွင် ရေရှည်သဘောတူညီချက်တစ်ခု ရ၊ မရ ဆိုသည်မှာလည်း ရှင်းရှင်းလင်းလင်း မရှိသေးပေ။
မကြာသေးမီရက်ပိုင်းအတွင်း အမေရိကန်စစ်တပ်နှင့် အီရန်တော်လှန်ရေးအစောင့်တပ်(IRGC) တို့အကြား အပြန်အလှန် ပစ် ခတ်မှုများ ရှိခဲ့ပြီး၊ ဝါရှင်တန်ဘက်က ဧပြီလအစောပိုင်းတွင် ရရှိခဲ့သည့် အပစ်အခတ်ရပ်စဲရေးကို ထပ်ခါတလဲလဲ ချိုးဖောက်နေကြောင်း တီဟီရန်က စွပ်စွဲထား သည်။ တီဟီရန်မြို့ရှိ အန်ဒီရှေး (Andisheh)ရှိ လူနေအဆောက်အအုံတစ်ခုတွင် တနင်္ဂနွေနေ့ညက ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုသည် IRGC ဗိုလ်ချုပ်တစ်ဦးကို ပစ်မှတ်ထားလုပ်ကြံမှုဖြစ်ကြောင်း အစ္စရေးမီဒီယာများက အွန်လိုင်းတွင် ဖော်ပြခဲ့ကြသော်လည်း၊ အီရန်မီဒီယာများကမူ ၎င်းသည် ဂတ်စ်အိုးယိုစိမ့်မှုကြောင့်ဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။
အီရန်၏ ထိပ်တန်းစစ်ဘက်၊ ဘာသာရေးနှင့် နိုင်ငံရေးခေါင်း ဆောင်များနှင့် အဖွဲ့အစည်းများသည် အမေရိကန်အပေါ် နက်နက်ရှိုင်းရှိုင်း မယုံကြည်မှုများရှိနေသည့်ကြားမှ “လက်နက်ချခြင်း” ရှိလာမည်မဟုတ်ကြောင်း ဆက်လက်အလေးပေးပြောကြားနေကြသော်လည်း၊ ၎င်းတို့၏ ရပ် တည်ချက် သဘောထားများအကြား သိမ်မွေ့သော ကွဲပြားမှုအချို့တော့ ရှိနေဆဲ ဖြစ် သည်။
၎င်းတို့၏ ခေါင်းဆောင်ပိုင်းနှင့် ၎င်းတို့ မည်သည့်နေရာတွင် ရပ်တည်နေသလဲဆိုသည်ကို လေ့လာနိုင်သည်-
မိုဂျတာဘာ ခါမေနီ (Mojtaba Khamenei)
ကျဆုံးသွားခဲ့သည့် အဓိပတိ အယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei)၏ သားဖြစ်သူသည် ၎င်း၏ ဖခင်နှင့် အခြားမိသားစုဝင်များကို သေဆုံးစေခဲ့သည့် လေ ကြောင်းတိုက်ခိုက်မှုအတွင်း ၎င်းကိုယ်တိုင်လည်း ဒဏ် ရာရရှိခဲ့ပြီးနောက် မကြာမီမှာပင် သီအိုကရက်တစ် (ဘာသာရေးအုပ်ချုပ်မှု)နှင့် စစ်ဘက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းကို ဦးဆောင်ရန် ရွေးချယ်ခြင်းခံခဲ့ရသည်။
၎င်းသည် အမေရိကန်နှင့် အစ္စရေးတို့၏ လုပ်ကြံပစ်မှတ်ထားခံရနိုင်ခြေရှိသည့် စိုးရိမ်မှုများကြောင့် ၎င်း၏အမည်ဖြင့် ထုတ်ပြန်သည့် စာသားမက်ဆေ့ခ်ျများမှလွဲ၍ လူမြင် ကွင်း သို့မဟုတ် အများပြည်သူကြားသို့ ထွက်ပေါ်လာခြင်း သို့မဟုတ် အသံထွက်လာခြင်းမျိုး မရှိသေးပေ။ ၎င်းသည် နှစ်ပေါင်း ၃၇ နှစ်နီးပါး အကြွင်းမဲ့အာဏာကို ဆုပ်ကိုင်ထား ခဲ့သည့် ၎င်း၏ဖခင်ကဲ့သို့ ဩဇာအာဏာအဆင့်အတန်းမျိုး မရှိသော်လည်း၊ ဥပဒေအရ အဓိကကျသော ဆုံးဖြတ်ချက်များအတွက် ၎င်း၏အတည်ပြုချက် လိုအပ်သည်။
အဆိုပါ မက်ဆေ့ခ်ျများတွင် ခါမေနီသည် မိမိကိုယ်ကို ဆွေး နွေးပွဲများကို ဆန့်ကျင်သူတစ်ဦးအဖြစ် ပုံဖော်ထားခြင်းမရှိသော်လည်း “ပါရှန်းကွေ့ဒေသရဲ့ တောက်ပတဲ့အနာဂတ်ဟာ အမေရိကန်မရှိတဲ့ အနာဂတ်ဖြစ်လာမှာဖြစ်ပြီး၊ ၎င်းရဲ့နိုင်ငံသားတွေအတွက် တိုးတက်မှု၊ ငြိမ်းချမ်းမှုနဲ့ သာယာဝပြောမှုကို ဖော်ဆောင်ပေးမှာဖြစ်တယ်” ဟု အလေးပေးပြောကြားခဲ့သည်။
ထို့ပြင် ၎င်းက အီရန်၏ နျူကလီးယားနှင့် ဒုံးကျည်အစီ အစဉ်များကို နယ်စပ်နယ်နိမိတ်များကဲ့သို့ပင် စောင့် ရှောက်ရမည့် “အမျိုးသားပိုင်ပစ္စည်းများ” အဖြစ် ရည်ညွှန်းခဲ့ပြီး၊ ထောက်ခံသူများနှင့် လက်နက်ကိုင်တပ်ဖွဲ့များကို အမေရိကန်နှင့် အစ္စရေးတို့ကို ဆန့်ကျင်ကန့်ကွက်သည့်အနေ ဖြင့် ညစဉ် ညတိုင်း လမ်းမများပေါ်သို့ ဆက်လက်ထွက်ခွာကြရန် တောင်းဆိုခဲ့သည်။ တိုင်းပြည်အနေဖြင့် နောက်ထပ်တစ်နှစ်စာ “ခုခံရေးစီးပွားရေး” (Resistance economy) အတွက် ပြင်ဆင်ထားကြရန် တိုက်တွန်းခြင်းဖြင့် အီရန်အပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများ ဆက်လက်ရှိနေဦးမည်ဟု ၎င်းက အရိပ် အယောင်ပြသခဲ့သည်။
စစ်ဘက်နှင့် လုံခြုံရေးအစုအဖွဲ့ (Military, security bloc)
အမေရိကန်-အစ္စရေးတို့၏ အီရန်အပေါ် စစ်ပွဲအတွင်း အီရန်တော်လှန်ရေးအစောင့်တပ်(IRGC)မှ ဗိုလ်ချုပ်ကြီးများ ဦး ဆောင်သည့် စစ်ဘက်နှင့် လုံခြုံရေးအုပ်စုများသည် အာဏာအရှိဆုံး အဆင့်အတန်းသစ်တစ်ခုသို့ မြင့်တက်လာခဲ့ကြသည်။
စစ်ပွဲကို ကွပ်ကဲနေသည့် ထိပ်တန်းတပ်မှူးများသည် အမေရိကန်နှင့် လုပ်ဆောင်နေသည့် ဆွေးနွေးပွဲအသေးစိတ်များနှင့် ပတ်သက်၍ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်းကို ရှောင်ကြဉ်ခဲ့ကြသော်လည်း၊ ၎င်းတို့သည် ခါမေနီထံသို့ တိုက်ရိုက်ချဉ်းကပ်ခွင့်ရှိပြီး ဆုံးဖြတ်ချက်ချမှတ်ခြင်း လုပ် ငန်းစဉ်ကို လမ်းညွှန်ရာတွင် ကြီးမားသောဩဇာအာဏာကို ဆုပ်ကိုင်ထားကြသည်ဟု ယူဆရသည်။ ၎င်းတို့သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံသို့ ကြီးမားသော အလျှော့ ပေးမှုများ ပြုလုပ်ရန် လုံးဝဆန့် ကျင်သည့် ပြတ်သားသော ရပ်တည်ချက်ကို ပြသခဲ့ကြသည်။
IRGC ၏ စစ်သေနာပတိချုပ် အာမက် ဗာဟီဒီ (Ahmad Vahidi)က ၎င်း၏ ပြောကြားချက်များတွင် ဟန့် တားမှုစွမ်းရည်၊ လိုအပ်ပါက စစ်ရှိန်မြှင့်တင်ရေးတွင် အသာစီးရယူရေးနှင့် ၎င်းက “ကျရှုံးနေသော အင်အားကြီးနိုင်ငံ” ဟု တင်စားထားသည့် အမေရိကန်နှင့် ၎င်း၏ ထိပ် တန်းမဟာမိတ် အစ္စရေးတို့အပေါ် “အောင်ပွဲ” ရရှိရေးတို့ကိုသာ အဓိကထား ပြောဆိုခဲ့သည်။ အကယ်၍ စစ်ပွဲသာ ပြန် လည်စတင်ခဲ့ပါက “ဒေသတွင်းနဲ့ ဒေသပြင်ပအတိုင်းအတာအထိပါ ပျက်စီးပြာကျစေမယ့် ငရဲအလား တုံ့ပြန်မှုမျိုး” ရှိလာလိမ့်မည်ဟု ၎င်းက သတိပေးခဲ့သည်။
လက်နက်ကိုင်တပ်ဖွဲ့များ၏ ခါတမ် အာလ်-အန်ဘီယာ (Khatam al-Anbiya) ဗဟိုဌာနချုပ် တပ်မှူး အလီ အာဘဒိုလာဟီ (Ali Abdollahi) က “ဟော်မုဇ်ရေလက်ကြားရဲ့ လုံခြုံရေးကို အီရန်လက်နက်ကိုင်တပ်ဖွဲ့တွေက ဦးဆောင်တာဖြစ်ပြီး” လိုအပ်ပါက ဆန့်ကျင်ဘက်ပြုသူများကို ပစ် ခတ်ရန် အမြဲအသင့် ရှိနေကြောင်း အလေးပေးပြောကြားခဲ့သည်။
လွန်ခဲ့သည့်အပတ်က စစ်ပွဲအတွင်း ဒေသတစ်ခုလုံးသို့ ဒုံး ကျည်များ ပစ်ခတ်ခဲ့သည့် IRGC ၏ လေကြောင်းရန်ကာကွယ် ရေးဌာနခွဲ ခေါင်းဆောင် မာဂျစ် မူဆာဗီ (Majid Mousavi) က ကျဆုံးသွားခဲ့သည့် အဓိပတိ ခါမေနီ၏ “ရန်သူနဲ့ ဆွေးနွေးညှိ နှိုင်းတာဟာ သန့်စင်တဲ့ ဆုံးရှုံးမှုပဲဖြစ်တယ်” ဆိုသည့် စကားကို ပြန်လည်အမှတ်ရစေခဲ့သည်။
လက်ရှိတွင် ဘာကီယာတိုလာ (Baqiatallah) ဌာနချုပ်ကို ဦးဆောင်နေသည့် IRGC စစ်သေနာပတိချုပ်ဟောင်း မိုဟာမက် အလီ ဂျာဖာရီ (Mohammad Ali Jafari)က ဆွေး နွေးပွဲများ ရလဒ်ထွက်ပေါ်လာရန်အတွက် ဖြည့်ဆည်းရမည့် ကနဦးသတ် မှတ်ချက် ၅ ချက်ကို လွန်ခဲ့သည့်လက အောက်ပါအတိုင်း သတ် မှတ်ခဲ့သည်-
• တီဟီရန်က ကျောထောက်နောက်ခံပေးထားသည့် “ခုခံရေးဝင်ရိုးတန်း” (axis of resistance) ၏ လေဘာနွန်နှင့် အခြားနယ်မြေများအပါအဝင် စစ်မျက်နှာအားလုံးတွင် စစ်ပွဲကို အဆုံးသတ်ရန်၊
• ပိတ်ဆို့မှုများ ရုပ်သိမ်းရန်၊
• အေးခဲထားသည့် ပိုင်ဆိုင်မှုများကို ပြန်လည်လွှတ်ပေးရန်၊
• စစ်လျော်ကြေးပေးရန်နှင့်
• ဟော်မုဇ်ရေလက်ကြားအပေါ် အီရန်၏ အချုပ်အခြာ အာဏာကို အသိအမှတ်ပြုရန်တို့ ဖြစ်သည်။
IRGC ၏ ဝါရင့်အဖွဲ့ဝင် နောက်တစ်ဦးဖြစ်သူ မိုဟာမက် ဘာဂါ ဇော်ဂါဒါ (Mohammad Bagher Zolghadr) သည် ယခုအခါ အမျိုးသားလုံခြုံရေးကောင်စီ၏ အတွင်း ရေးမှူးအဖြစ် ကြားဝင်စေ့စပ် ညှိနှိုင်းပေးသူအဖြစ် ဆောင် ရွက်နေပြီး၊ ၎င်း၏ ရာထူးမတိုင်ခင်က အကြီးအကဲဖြစ်သူ အလီ လာရီဂျာနီ (Ali Larijani) မှာလည်း စစ်ပွဲအတွင်း လုပ်ကြံခံခဲ့ရသည်။
၎င်းရာထူးရရှိပြီးနောက်ပိုင်း တိုတောင်းသော စာသားမက်ဆေ့ခ်ျတစ်ခုသာ ထုတ်ပြန်ခဲ့ပြီး “မည်သည့် လက်နက်ချခြင်း သို့မဟုတ် နောက်ဆုတ်ခြင်းမျှ ရှိလာမည်မဟုတ်ကြောင်း”နှင့် နိုင်ငံတော်ကို ထောက်ခံသူများအကြား “ညီ ညွတ်မှု” ရှိရန် အလေးပေးပြောကြားခဲ့သည်။
ဂျာလီလီ၏ ပေဒါရီအုပ်စုနှင့် သဘောထားတင်းမာသည့် လွှတ် တော်အမတ်များ (Jalili’s Paydari and hardline MPs)
အမျိုးသားလုံခြုံရေးကောင်စီတွင် ကာလရှည်ကြာ တာဝန် ထမ်းဆောင်ခဲ့သည့် ဆာအိဒ် ဂျာလီလီ (Saeed Jalili) ဦးဆောင်သော ပေဒါရီတပ်ဦး (Paydari Front)သည် အီရန်နိုင်ငံအတွင်းရှိ လွန်ကဲသော သဘောထားတင်းမာသည့် အုပ်စုအချို့ ၏ ကိုယ်စားလှယ်ဖြစ်သည်ဟု ယူဆကြသည်။
ဉဂျာလီလီသည် လူထုအကြိုက် လိုက်နာတတ်သည့် သမ္မတ မာမွတ် အာမက်ဒီနီဂျတ် (Mahmoud Ahmadinejad) လက် ထက် ၂၀၀၇ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ လုံခြုံရေးအကြီးအကဲနှင့် အနောက်အုပ်စုနိုင်ငံများနှင့် ဆွေးနွေးရာ တွင် ထိပ်တန်းညှိနှိုင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူ ဖြစ် သည်။
ထိုစဉ်က နှစ်ပေါင်းများစွာ ဆွေးနွေးခဲ့သော်လည်း မည်သည့်ရလဒ်မျှ ထွက်ပေါ်မလာခဲ့ဘဲ၊ ယင်းနောက်ပိုင်းမှသာ သမ္မတ ဟာဆန် ရိုဟာနီ လက်ထက်တွင် ယခုအခါ ပျက် ပြယ်သွားပြီဖြစ်သော ၂၀၁၅ နျူကလီးယားသဘောတူညီချက်ကို ရရှိခဲ့ခြင်း ဖြစ် သည်။ ၎င်းအပြင် အီရန်သည် ၎င်း ၏ နျူကလီးယားအစီအစဉ်ကြောင့် ကုလသမဂ္ဂ၏ ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများကို ခံခဲ့ရသည်။
ဂျာလီလီသည် အနောက်အုပ်စုနှင့် လက်တွဲဆောင်ရွက်ခြင်းနှင့် အလျှော့ပေးမှုများ ပြုလုပ်ခြင်းတို့ကို မလျှော့သောဇွဲဖြင့် ပြင်းပြင်းထန်ထန် ဆန့်ကျင်သူတစ်ဦးအဖြစ် ရပ်တည်ခဲ့ပြီး၊ သမ္မတဟောင်း အီဘရာဟင် ရိုင်စီ လက်ထက်က ထိပ်တန်းညှိနှိုင်းရေးမှူး အလီ ဘာဂီရီ ကာနီ (Ali Bagheri Kani) ကို ၎င်း၏ ထိပ်တန်းမဟာမိတ်အဖြစ် ရေတွက်ထားသည်။
စစ်ပွဲအတွင်း ဂျာလီလီက ဆွေးနွေးပွဲများ လုပ်ဆောင်ခြင်းကို အီရန်၏ အင်အားကို အသိအမှတ်ပြုသည့် အနေ အထားမျိုးတွင်သာ လက်ခံနိုင်ကြောင်း ပုံဖော်ခဲ့ပြီး၊ မည်သည့် ရေရှည်သဘောတူညီချက်မဆို အမေရိကန်အပေါ် “ယုံကြည်မှု” အပေါ်တွင် အမှီပြုမနေစေရန် အာမခံချက်များ ရယူရမည်ဟု အလေး ပေးပြောကြားခဲ့သည်။ ထို့ပြင် ပိတ်ဆို့မှုများ၊ လုပ်ကြံမှုများနှင့် စစ်ပွဲများသည် ရန်သူက အသုံးပြုနေသည့် “မောင်းတံများ” ဖြစ်ပြီး ယင်းတို့ကို အပြီးတိုင် “အာနိသင်ပျက်ပြယ်အောင်” လုပ် ဆောင်ရမည်ဟု ဆိုသည်။
“ဒီနေ့ခေတ်မှာ ကမ္ဘာကြီးက ကောင်းကောင်းသက်သေပြနေတာကတော့ ဒေသတွင်း အစီအစဉ်သစ်ကို အမေရိကန်နဲ့ ဇီယွန်ဝါဒီစနစ် [အစ္စရေး] တို့က သတ်မှတ်မှာမဟုတ်ဘဲ၊ ခုခံမှုရဲ့ အောင်ပွဲတွေနဲ့ အင်အားကြီးမားတဲ့ ဟောပြောချက်တွေကပဲ သတ်မှတ်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ဧပြီလတွင် ပြောကြားခဲ့သည်။
ဂျာလီလီကို တီဟီရန်နှင့် အခြားမြို့ကြီးများမှ သမိုင်းတစ် လျှောက် မဲပေးသူဦးရေ အနည်းဆုံးဖြစ်ခဲ့သည့် ရွေး ကောက်ပွဲများမှတစ်ဆင့် ၂၀၂၀ ပြည့်နှစ်ကတည်းက အီရန်လွှတ်တော်ကို စိုးမိုးထားသည့် အလွန်အစွန်းရောက် ရှေးရိုးစွဲ ကိုယ်စားလှယ်အများအပြားက ထောက်ခံထားကြသည်။
အဆိုပါ ဥပဒေပြုအမတ်များထဲတွင် ဩဇာညောင်းသည့် ဘာသာရေးပုဂ္ဂိုလ်များဖြစ်ကြသော မာမွတ် နာဘာဗီယန် (Mahmoud Nabavian)နှင့် ဟာမစ် ရာဆာအီ (Hamid Rasaei)တို့ ပါဝင်သကဲ့သို့ အီဘရာဟင် အာဇီဇီ (Ebrahim Azizi)၊ အက်ဘတ်စ် မော့က်တာဒါအီ (Abbas Moqtadaei) နှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ လွှတ်တော်ကော်မရှင်မှ အခြားအဖွဲ့ဝင် လွှတ်တော်အမတ်များလည်း ပါဝင်ကြသည်။
အစိုးရအဖွဲ့၏ မျက်နှာစာများ (The government’s faces)
အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ် (Mohammad Bagher Ghalibaf) သည် ဧပြီလက ပါကစ္စတန်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် အမေရိကန်နှင့် ပထမအကျော့ ကြားဝင်စေ့စပ်ညှိနှိုင်းရေး ဆွေးနွေးပွဲများတွင် အီရန်ညှိနှိုင်းရေးအဖွဲ့ကို ဦးဆောင်ခဲ့သည်။ ဂါလီဘတ်ဖ်သည် IRGC တပ်မှူးဟောင်းတစ်ဦးဖြစ်ပြီး “အညံ့ခံခြင်း” ကို ပြင်းပြင်းထန်ထန် ကန့်ကွက်သူဖြစ်သော်လည်း၊ ရန်လိုမှုများကို အဆုံးသတ်ရန် လက်တွေ့ကျသော သဘောတူညီချက်တစ်ခုကို ထောက်ခံကြောင်း ပြောကြားထားသည်။
သမ္မတ မာဆုဒ် ပီဇက်ရှ်ကီယန် (Masoud Pezeshkian)နှင့် နိုင်ငံခြားရေးဝန်ကြီး အက်ဘတ်စ် အာရတ်ဂ်ချီ (Abbas Araghchi)တို့ကလည်း အီရန်၏ အကျိုး စီးပွားကို ကာကွယ်ပေးနိုင်မည့် ဆွေးနွေးညှိနှိုင်းမှုမှတစ် ဆင့် ရရှိမည့် ငြိမ်းချမ်းရေးကို ထောက်ခံရန် အလားတူ မှတ်ချက်မျိုး ပေးထားကြသည်။
နိုင်ငံပိုင်ရုပ်သံနှင့် IRGC ဆက်နွှဲမီဒီယာများ (State TV, IRGC-linked media)
အီရန်၏ ဆန့်ကျင်ဘက်ပြုသူများအပေါ် ချမှတ်ထားသည့် အပြင်းထန်ဆုံး ရပ်တည်ချက်အချို့ကို နိုင်ငံပိုင်ရုပ်သံလိုင်း (IRIB) မှတစ်ဆင့် ထုတ်လွှင့်ပြသလေ့ရှိသည်။
နိုင်ငံပိုင်ရုပ်သံလိုင်းများသည် ၎င်းတို့၏ အစီအစဉ်တင်ဆက်သူများနှင့် မျက်နှာဖုံးစွပ်ထားသည့် စစ်ဘက်ဆိုင်ရာ တပ်မှူးများအပါအဝင် အမျိုးမျိုးသော ဧည့်သည်များကို အသုံးပြု၍ မက်ဆေ့ခ်ျများ ပေးပို့လေ့ရှိပြီး၊ မကြာသေးမီကပင် ထောက်ခံသူ များကို သေနတ်ပစ်လေ့ကျင့်မှုများ ပြုလုပ်ပေးကာ နိုင်ငံတော်အတွက် “စွန့်လွှတ်အနစ်နာခံကြရန်” တိုက်တွန်းခဲ့သည်။
၎င်းတို့သည် ယာယီသဘောတူညီချက်တစ်ခုအတွက် အီရန် ဘက်က “လက်ခံနိုင်ဖွယ်ရှိသော” စည်းကမ်းချက်များကိုလည်း ဆွေးနွေးခဲ့ကြရာ၊ ယင်းတို့တွင် ဟော်မုဇ်ရေလက် ကြားအပေါ် အာဏာပိုင်စိုးမှု၊ သင်္ဘောများကို အမျိုးအစားခွဲခြားခြင်းနှင့် ဖြတ်သန်းခငွေများ ကောက်ခံခြင်း၊ အပြင် ပြည်ပတွင် အေးခဲထားသည့် ပိုင်ဆိုင်မှုများထဲမှ အနည်း ဆုံး ဒေါ်လာ ၁၂ ဘီလီယံကို ချက်ချင်းရယူနိုင်ခွင့်တို့ ပါဝင်သည်။
ထို့ပြင် တာ့စ်နင်(Tasnim)၊ ဖားစ်(Fars)၊ မေရ် (Mehr)နှင့် IRGC နှင့် ဆက်နွှဲနေသည့် သတင်းဌာနအများအပြား ရှိနေပြီး၊ ၎င်းတို့သည် စစ်ပွဲအတွင်း အာဏာပိုင်များ၏ လမ်းညွှန်ချက်များကို ထုတ်လွှင့်ခဲ့ကြသလို ပင် လယ်ရေအောက် အင်တာနက်ကေဘယ်လ်ကြိုးများကို အခွန်ကောက်ခံခြင်းကဲ့သို့သော အလွန်အစွန်းရောက်သည့် အကြံဉာဏ်များကို ဖော်ပြခဲ့ကြသည်။
အလွန်အစွန်းရောက် ရှေးရိုးစွဲ ကေဟန် (Keyhan) သတင်း စာသည်လည်း ဆယ်စုနှစ်များစွာအတွင်း ပြင်းထန်သော ရပ် တည်ချက်များကို ထုတ်လွှင့်ရာတွင် အဓိကမဏ္ဍိုင်တစ်ခုအဖြစ် သက်သေပြခဲ့ပြီး၊ အလီ ခါမေနီ ကိုယ်တိုင် ခန့် အပ်ခဲ့သည့် အယ်ဒီတာချုပ် ဟူစိန် ရှာရီယတ်မာဒါရီ (Hossein Shariatmadari)က အီရန်အနေဖြင့် ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်ရန်၊ နျူကလီးယား မပြန့်ပွားရေးစာချုပ် (NPT) မှ နှုတ်ထွက်ရန်နှင့် နျူကလီးယားဗုံးများ ထုတ်လုပ်ရန် အလေးအနက် စဉ်းစားရန် ထပ်ခါတလဲလဲ တောင်းဆိုခဲ့သည်။
(Al Jazeera သတင်းဌာနမှ Maziar Motamedi ၏How does Iran’s leadership view the emerging deal with the US? သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)
Telegram»…
https://t.me/positiveanglenews
#PAN