အမေရိကန်-အီရန် ဆွေးနွေးပွဲများအတွင်း အီရန်အဓိပတိသစ် ပိုမိုလှုပ်ရှားလာဟု မာကို ရူဘီယို ပြော၊ အစ္စရေးက လေဘာနွန်ကို ဆက်လက်တိုက်ခိုက်ပါက ထိပ်တိုက်တွေ့မည်ဟု အီရန် သတိပေး

(နိုင်ငံတကာ) ဇွန် ၃

     အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ဖြစ်ပွားနေစဉ် အီရန်နိုင်ငံ၏ အဓိပတိ မိုဂျတာဘာ ခါမေနီ (Mojtaba Khamenei)သည် နိုင်ငံရေးရာများတွင် ပိုမိုတက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လာပုံရကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio)က ပြောကြားလိုက်သည်။

     အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော် မတီ ရှေ့မှောက်တွင် ဇွန် ၂ ရက် (အင်္ဂါနေ့) က ထွက်ဆိုချက်ပေးရာ၌ ဝန်ကြီးရူဘီယိုက ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ စစ်ပွဲ၏ ပထမဆုံးနေ့တွင် အမေရိကန်၏ လေ ကြောင်းတိုက်ခိုက်မှုကြောင့် ဖခင်ဖြစ်သူ(အဓိပတိဟောင်း) ကျဆုံးခဲ့ပြီးနောက်ပိုင်း လူမြင်ကွင်းသို့ ထွက်ပေါ်လာခြင်းမရှိတော့သည့် အဓိပတိသစ် မိုဂျတာဘာ ခါမေနီသည် အသက်ထင်ရှားရှိနေပြီး ကြားခံလူများနှင့် စာရေးသားသည့်နည်းလမ်းများမှတစ် ဆင့် နိုင်ငံရေးရာများကို ပိုမိုနက်ရှိုင်းစွာ ကိုင်တွယ်လာနေသည့် အရိပ်အယောင်များ ရှိနေကြောင်း ၎င်းက ဆိုသည်။

     လက်ရှိတွင် သမ္မတ ဒေါ်နယ်ထရမ့်က စည်းကမ်းချက်များ ပိုမိုတင်းကျပ်ထားသည့် အမေရိကန်၏ နောက်ဆုံးအဆိုပြုချက်မူကြမ်းကို တီဟီရန်အစိုးရက သုံးသပ်နေပြီး၊ ဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ရှိနေကြောင်း သမ္မတထရမ့်က ၎င်း၏ Truth Social စာမျက်နှာတွင် အတည်ပြုထား သည်။ အမေရိကန်၏ ဦးစားပေးသတ်မှတ်ချက်များတွင် အီရန်အနေဖြင့် နျူကလီး ယားလက်နက် လုံးဝမထုတ်လုပ်ရန်နှင့် ကမ္ဘာ့စွမ်းအင်သယ်ယူပို့ဆောင်ရေးအတွက် အရေးပါပြီး အီရန်က ပိတ်ထားသည့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပြန်ဖွင့်ပေးရန်တို့ ပါဝင်သည်။

     သို့သော်လည်း အမေရိကန်ဘက်က အပစ်အခတ်ရပ်စဲရေးကို အပြည့်အဝလိုက်နာမှုမရှိခြင်းနှင့် မယုံကြည်ခြင်းတို့ကြောင့် အီရန်ဘက်က ပြတ်သားတင်းမာသော ချဉ်းကပ်မှုပုံစံကို ကျင့်သုံးနေကြောင်း အီရန်သတင်းရင်းမြစ်များက ဆိုသည်။

     တစ်ချိန်တည်းမှာပင် အမေရိကန်၏ ကြားဝင်စေ့စပ်မှုဖြင့် အစိတ်အပိုင်းအချို့ အပစ်အခတ်ရပ်စဲရေး ကြေညာထားသော် လည်း အစ္စရေးစစ်တပ်က လေဘာနွန်တောင်ပိုင်းနှင့် မြို့တော်ဘေရွတ်အထိ နက်ရှိုင်းစွာ ဆက်လက်တိုက် ခိုက်နေမှုအပေါ် အီရန်က ပြင်းပြင်းထန်ထန် သတိပေးလိုက်သည်။

     အီရန်လွှတ်တော်ဥက္ကဋ္ဌနှင့် ထိပ်တန်းညှိနှိုင်းရေးမှူး မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ် (Mohammad Bagher Ghalibaf)က “အကယ်၍ အစ္စရေးရဲ့ လေဘာနွန်အပေါ် ကျူးကျော်မှုတွေ ဆက်လက်ရှိနေမယ်ဆိုရင် တဟီရန်အနေနဲ့ အမေရိကန်နဲ့ လုပ် ဆောင်နေတဲ့ ဆွေးနွေးညှိနှိုင်းမှုလမ်း ကြောင်းကို ရပ်ဆိုင်းပစ်ရုံတင်မကဘဲ ရန်သူနဲ့ တိုက်ရိုက်ထိပ်တိုက်တွေ့ဆုံ စစ်မက်ဖြစ်ပွားတဲ့အထိ လုပ်ဆောင်သွားမယ်” ဟု လေဘာနွန်လွှတ်တော်ဥက္ကဋ္ဌ နာဘီ ဘာရီ အား ပြောကြားခဲ့ကြောင်း သိရသည်။

     အီရန်ဘက်က ဝါရှင်တန်နှင့် ရယူမည့် မည်သည့်သဘောတူညီချက်တွင်မဆို လေဘာနွန်၌ အပြည့်အဝ အပစ်အခတ်ရပ်စဲရေးအချက် မဖြစ်မနေ ပါဝင်ရမည်ဟု အခိုင်အမာ တောင်းဆိုထား သည်။

Telegram»…
https://t.me/positiveanglenews

#PAN