အစ္စရေး၏ လေဘာနွန်တောင်ပိုင်း ကျူးကျော်စစ်ကြောင့် ရာစုနှစ်ပေါင်းများစွာ သမိုင်းကြောင်းများ ပျက်စီးဆုံးရှုံးရ၊ ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာများနှင့် ရှေးဟောင်းခံတပ်များ ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်နေရ

(နိုင်ငံတကာ) ဇွန် ၃

    အပစ်အခတ်ရပ်စဲရေး နားလည်မှုများ ရှိထားသည်ဟု ဆိုသော်လည်း အစ္စရေးစစ်တပ်၏ လေဘာနွန်နိုင်ငံအတွင်းသို့ တိုးချဲ့လာနေသော စစ်ရေးထိုးစစ်များကြောင့် နှစ်ပေါင်းထောင်ချီ သမိုင်းအလွှာလွှာတို့ဖြင့် တည်ဆောက်ထားသည့် တန်ဖိုးအရှိဆုံး ရှေးဟောင်းသုတေသနနှင့် ယဉ်ကျေးမှုဆိုင် ရာ အမွေအနှစ်နေရာ အများအပြားမှာ ပြင်းထန်စွာ ပျက်စီး ဆုံးရှုံးမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

     စနေနေ့တွင် အစ္စရေးတပ်ဖွဲ့များသည် လေဘာနွန်တောင်ပိုင်း၏ အကြီးဆုံးမြို့များထဲမှ တစ်ခုဖြစ်သော နာဘာတီးယား (Nabatieh)မြို့အနီးရှိ ကျောက်ဆောင်ထူထပ်သော တောင်ကုန်း ပေါ်၌ တည်ရှိသည့် နှစ်ပေါင်း ၉၀၀ သက်တမ်းရှိ ဗျူးဖို့တ်ရဲတိုက် (Beaufort Castle) ကို တိုက်ပွဲများအပြီးတွင် သိမ်းပိုက်ခဲ့သည်။ ၎င်းသည် လွန်ခဲ့သော ၂၆ နှစ်အတွင်း လေဘာနွန်နိုင်ငံအတွင်းသို့ အစ္စရေး၏ အနက်ရှိုင်းဆုံး စစ်ရေးကျူးကျော်မှုဖြစ်ပြီး အစ္စရေးစစ်တပ်သည် လီတာနီ (Litani) မြစ်မြောက်ဘက်သို့ ဖြတ်ကျော်ကာ ဇာရာနီ (Zahrani) မြစ်ဆီသို့ ဆက်လက်ချီတက်လျက် ရှိသည်။

လေဘာနွန် ယဉ်ကျေးမှုဝန်ကြီး ဂါဆန် ဆလာမေ (Ghassan Salame)က အစ္စရေး၏ တိုက်ခိုက်မှုများသည် ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရှေးဟောင်း တိုင်ယာ (Tyre)မြို့အပါအဝင် ယဉ်ကျေးမှုအမွေ အနှစ်နေရာများကို “ကြီးမားသော အန္တရာယ်” အတွင်းသို့ တွန်းပို့နေကြောင်း အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။

     ဘီစီ ၃၀၀၀ ခန့်ကတည်းက စတင်ပေါ်ပေါက်ခဲ့ပြီး အလက်ဇန်းဒါး သမားဒရူးခေတ်၊ ရောမခေတ်နှင့် ဘိုင်ဇန်တိုင်းခေတ်များတစ်လျှောက် ထွန်းကားခဲ့သည့် တိုင်ယာမြို့ဟောင်း၏ အပျက် အစီးများအနီးသို့ အစ္စရေး၏ ဗုံးကြဲမှုများ ကျရောက်ခဲ့သလို၊ အလယ်ခေတ်လက်ရာ ဗျူးဖို့တ်ရဲတိုက်မှာလည်း တိုက်ရိုက် ထိမှန်ခြင်း ခံခဲ့ရသည်။

လက်ရှိတွင် လေဘာနွန်နိုင်ငံ၌ နိုင်ငံတကာဥပဒေအရ အမြင့်ဆုံးအဆင့် ကာကွယ်စောင့်ရှောက်မှု (Enhanced Protection) ပေးအပ်ထားသည့် ယဉ်ကျေးမှုဆိုင်ရာနေရာပေါင်း အနည်းဆုံး ၃၉ ခု ရှိနေပြီး ၎င်းတို့အနက် အများအပြားမှာ စစ်ဆင်ရေးနယ်မြေများအတွင်း ပိတ်မိနေသည်။

     ယူနက်စကို၏ ယဉ်ကျေးမှုဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်လက်ထောက် လာဇရီ အီလောင်ဒူ အာဆိုမို (Lazare Eloundou Assomo)က “ဘယ်နေရာမှာပဲဖြစ်ဖြစ် ယဉ် ကျေးမှုအမွေအနှစ်တွေ ပျက်စီးဆုံးရှုံးရတဲ့အခါ ပြည်သူတွေရဲ့ ဝိသေသ လက္ခဏာ ကျောရိုးပြိုကွဲရသလို၊ လူမှုရေးအရ စည်းလုံးညီညွတ်မှုတွေနဲ့ ယုံကြည်မှုတွေပါ အန္တရာယ်ဖြစ်စေပါတယ်” ဟု သတိ ပေးပြောကြားထားသည်။

      တစ်ချိန်တည်းမှာပင် အစ္စရေး၏ အဓမ္မနေရပ်စွန့်ခွာခိုင်းသည့် အမိန့်များနှင့် ပြင်းထန်သော ဗုံးကြဲမှုများကြောင့် တိုင်ယာမြို့နှင့် ပတ်ဝန်းကျင်ဒေသတစ်ခုတည်းမှပင် ပြည်သူ ၂ သိန်းခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး၊ လေဘာနွန်တစ်ဝန်းလုံးတွင်မူ ပိုမိုကျယ်ပြန့်လာသည့် စစ်ပွဲကြောင့် နေရပ်စွန့်ခွာရသူ အရေအတွက်မှာ ၁ သန်းကျော်အထိ ရှိလာပြီဖြစ် ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

#PAN