နယူးဒေလီရှိ ဟိုတယ်တစ်ခုတွင် ကြောက်မက်ဖွယ် မီး လောင်မှုဖြစ်ပွား၊ ဆေးကုသရန် ရောက်ရှိနေသည့် နိုင်ငံခြား သားများအပါအဝင် အနည်းဆုံး လူ ၂၁ ဦး သေဆုံး

(နိုင်ငံတကာ) ဇွန် ၃

    အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီတွင် နှစ်ပေါင်းများစွာအတွင်း အသေအပျောက်အများဆုံးဖြစ်သည့် ကြောက်မက်ဖွယ် အဆောက်အအုံမီးလောင်မှုတစ်ခု ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့ရာ ဆေးကုသမှုခံယူရန် ရောက်ရှိနေသည့် နိုင်ငံခြားသား အရပ်သားများအပါအဝင် အနည်းဆုံး လူ ၂၁ ဦး သေ ဆုံးခဲ့ကြောင်း ရဲ တပ်ဖွဲ့က အတည်ပြုထုတ်ပြန်ခဲ့သည်။

     မီးလောင်မှုသည် နယူးဒေလီမြို့တောင်ပိုင်းရှိ ကျောင်း သားများနှင့် လူငယ်လုပ်ငန်းရှင်များ အများဆုံးနေထိုင်ရာ လူဦးရေထူထပ်သော မာလ်ဗီယာ နာဂါ (Malviya Nagar) ရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ မီးလောင်မှုသည် အဆောက် အအုံ၏ အောက်ထပ်တွင် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်မှတစ်ဆင့် အပေါ်ထပ်ရှိ ဟိုတယ်သို့ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်နိုင်ကြောင်း ဒေသန္တရအုပ် ချုပ်ရေးအရာရှိ ဂျီတန္ဒြာ ကူးမား (Jitendra Kumar) က ပြောကြားခဲ့သည်။

     မီးလောင်မှုဖြစ်ပွားချိန်တွင် အဆောက်အအုံအတွင်း မီးခိုးများနှင့် မီးလျှံများ အပြင်းအထန် ဖုံးလွှမ်းသွားခဲ့သဖြင့် ပိတ်မိနေသူအချို့ အပေါ်ထပ်မှ ခုန်ချခဲ့ကြရသည်။ ဒေသခံပြည်သူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ မီးသတ်ကား ၈ စီးဖြင့် အပြင်းအထန် ငြှိမ်းသတ်ခဲ့ရပြီး အဆောက် အအုံအတွင်းမှ လူပေါင်း ၄၀ ကျော်ကို ကယ်ထုတ်ကာ အနီးနားရှိ ဆေးရုံများသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ရသည်။

     ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်အရ သေဆုံးသူအချို့မှာ အိန္ဒိယနိုင်ငံသို့ ဆေးကုသမှုခံယူရန် ရောက်ရှိနေကြပြီး အဆို ပါဟိုတယ်တွင် တည်းခိုနေထိုင်သည့် အာဖရိကနိုင်ငံများမှ နိုင်ငံ ခြားသားလူနာများနှင့် ၎င်းတို့၏ မိသားစုဝင်များဖြစ်ကြောင်း သိရသည်။

     အိန္ဒိယနိုင်ငံတွင် မီးသတ်ပစ္စည်းကိရိယာ လုံလောက်စွာမရှိခြင်းနှင့် ဘေးကင်းလုံခြုံရေး စည်းမျဉ်းများကို လျစ်လျူ ရှုခြင်းတို့ကြောင့် ယခုကဲ့သို့ အဆောက်အအုံ မီးလောင်မှုများမှာ မကြာ ခဏ ဖြစ်ပွားလေ့ရှိသည်။

     ယခုဖြစ်ရပ်နှင့်ပတ်သက်၍ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာ မိုဒီက အသက်ဆုံးရှုံးခဲ့ရသူများအတွက် အလွန်တရာ ဝမ်းနည်းတုန် လှုပ်မိကြောင်း ပြောကြားခဲ့ပြီး သေဆုံးသူတို့ ၏ မိသားစုဝင်များနှင့် ထပ်တူဝမ်းနည်းကြောင်းနှင့် ဒဏ်ရာရရှိသူများ အမြန်ဆုံး ပြန်လည်သက်သာလာပါစေကြောင်း ဆုတောင်းစကား ရေးသားပေးပို့ခဲ့သည်။

Telegram»…
https://t.me/positiveanglenews

#PAN