ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းလိမ်လည်မှုဆိုင်ရာ တရားမဝင်အဆောက်အအုံ ၂၁ လုံး ဖြိုချဖျက်ဆီး

(ပြည်တွင်း) ဇွန် ၁

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်ဒေသအတွင်း တရားမဝင်ဆောက်လုပ်ထားသည့် အဆောက်အအုံများအား ဆက်လက်ဖျက်သိမ်းလျက်ရှိရာ ယမန်နေ့က ၄ ထပ် လူနေအဆောက်အအုံ ၃ လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့ကြောင်း သိရသည်။

အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံများနှင့် ဆက်စပ်ပစ္စည်းများကို ရှင်းလင်းဖယ်ရှားလျက်ရှိပြီး နောင်တွင် အလားတူလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ခြင်းမရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းစစ်ဆေးတွေ့ရှိထားသည့် အဆောက်အအုံ စုစုပေါင်း ၇၇ လုံးအနက် ၅၇ လုံးကို ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည်ဖြစ်ပြီး ကျန် ၂၀ လုံးကို ဖောက်ခွဲဖျက်ဆီးမည့်အစီအစဉ်ဖြင့် အဆင့်လိုက် ဆောင်ရွက်နေကြောင်း သိရသည်။

ယမန်နေ့က ဖျက်သိမ်းခဲ့သည့် အဆောက်အအုံ ၃ လုံးအပါအဝင် လက်ရှိအချိန်အထိ တရားမဝင်အဆောက်အအုံ ၂၁ လုံးအား ဖျက်သိမ်းပြီးဖြစ်ကာ ကျန်ရှိသည့် အဆောက်အအုံ ၅၆ လုံးကိုလည်း သတ်မှတ်အစီအစဉ်များအတိုင်း ဆက်လက်ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့်နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့်အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက်ပြည်တွင်းအင်အားစုများအပြင်အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာဆောင်ရွက်လျက်ရှိကြောင်း သိရသည်။