တာချီလိတ်တွင် မူးယစ်ဆေးဝါးတန်ဖိုး ၁.၆၆ ဘီလီယံကျော် နှင့် စိတ်ကြွဆေးပြား ၁ သိန်းခန့် ဖမ်းမိ

(မှုခင်း) ဇွန် ၁

တာချီလိတ်မြို့နယ်၊လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မေလ ၃၀ ရက်နေ့ မနက် ၁၀ နာရီခန့်နှင့် ည ၇နာရီ ၄၅မိနစ်ခန့်တွင် ၁.၆၆ဘီလီယံ‌ေကျာ် တန်ဖိုးရှိမူးယစ်ဆေးဝါးများနှင့် ဒေသပေါက်ဈေး ကျပ်သိန်း၄၀၀ခန့်ရှိ စိတ်ကြွဆေးပြား၁သိန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

တာချီလိတ်မြို့နယ်၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နံနက် ၁၀နာရီအချိန်တွင် သက်သေများနှင့်အတူ ယာဉ်များအား စစ်ဆေးနေစဉ် မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးကို ရပ်တန့်စစ်ဆေးဖို့ တားမြစ်ခဲ့ရာ အဆိုပါ ဆိုင်ကယ်မောင်းနှင်လာသူသည် ရပ်မပေးဘဲ အရှိန်ပြင်းပြင်းဖြစ် မောင်းနှင်ထွက်ပြေးသွားခဲ့ပြီး ဆိုင်ကယ်ရှေ့မှ တင်ဆောင်ထားသော ကျောပိုးအိတ်တစ်လုံး ကျကျန်ခဲ့သဖြင့် ပူးပေါင်းအဖွဲ့က စစ်ဆေးကြည့်ရာ WY စာတန်းပါ စိတ်ကြွဆေးအပြား တစ်သိန်းကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

ထို့နောက် တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မေလ ၃၀ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံအား CCTV မှတ်တမ်းများဖြင့် လိုက်လံစုံစမ်းနေစဉ် သတင်းအရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ အဆိုပါကျေးရွာရှိ “လော်ဂေါ်” ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ကြောင်းသိရသည်။

ရှာဖွေစဉ် လော်ဂေါ်အား မတွေ့ရှိရသော်လည်း ၎င်း၏ဇနီးဖြစ်သူ မီတီးအား တွေ့ရှိခဲ့ရပြီး နေအိမ်အတွင်း စိတ်ကြွဆေးပြား ၃၂ သိန်းခန့်၊ အိုက်စ် ၄၄ ကီလိုခန့်၊ ဘိန်း ၃ ကီလိုခန့်နှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ စုစုပေါင်းတန်ဖိုး ငွေကျပ် ၁.၆၆ ဘီလီယံကျော် သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိသူ မီတီးအား စစ်ဆေးမေးမြန်းလျက်ရှိပြီး ထွက်ပြေးသူ တရားခံအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး သက်ဆိုင်ရာမှဆောင်ရွက်လျက်ရှိကြောင်းသိရသည်။