
(နိုင်ငံတကာ)မေ ၃၁
အမေရိကန်နှင့် အီရန်တို့အကြား စစ်ပွဲဖြစ်ပွားမှု ၉၃ ရက်မြောက်နေ့သို့ ရောက်ရှိလာချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် သဘောတူညီချက်အသစ် ရရှိရေးအတွက် ၎င်းအနေဖြင့် အလျင်စလိုမရှိကြောင်းနှင့် အမေရိကန်အလိုရှိသည့် အချက်များကို ဆွေးနွေးပွဲများတွင် ဖြည်း ဖြည်းချင်း ရယူနေပြီဖြစ်ကြောင်း ဖောက်စ်နယူးစ် (Fox News) သို့ ထုတ်ဖော်ပြောကြားခဲ့သည်။
သမ္မတထရမ့်သည် ပြီးခဲ့သည့် သောကြာနေ့ အိမ်ဖြူတော်အစည်းအဝေးတွင် အီရန်နှင့်ရရှိထားသည့် ပဏာမသဘောတူညီချက်မူဘောင်အပေါ် စည်းကမ်းချက်များ ပိုမိုတင်းကျပ်ရန်နှင့် ပြင်ဆင်ချက်အချို့ ပြုလုပ်ရန် တောင်းဆိုခဲ့ပြီး၊ အဓိကအားဖြင့် အီရန်တွင် နျူကလီးယားလက်နက် လုံးဝမရှိစေရဟူသည့် အာမခံချက်ကို မဖြစ်မနေ ရယူသွားမည်ဟု ဆိုသည်။
ထရမ့်၏ ပိုမိုတင်းကျပ်လိုက်သည့် စည်းကမ်းချက်များပါဝင်သည့် သဘောတူညီချက်များကို ပြင်ဆင်ပြောင်းလဲမှုများပြုလုပ်ပြီး အီရန်ဘက်က ပြန်လည်စဉ်းစားသုံးသပ်နိုင်ရန် ပေးပို့ထားကြောင်း လုပ်ငန်းစဉ်များနှင့် နီးစပ်သည့် တာဝန်ရှိသူများကို ကိုးကား၍ နယူးယောက်တိုင်းမ် (The New York Times) သတင်းစာက စနေနေ့တွင် ဖော်ပြခဲ့သည်။
အီရန်ဘက်က ပြန်လည်တုံ့ပြန်ရန် သုံးရက်ခန့် ကြာမြင့်နိုင်ကြောင်း ထရမ့်အား အကြောင်းကြားထားသည်ဟု အမေရိကန် အဆင့်မြင့်အရာရှိတစ်ဦးက (Axios) သတင်းဌာနသို့ ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် အရှေ့အလယ်ပိုင်းစစ်မျက်နှာ၌ အစ္စရေးစစ်တပ်သည် လေဘနွန်တောင်ပိုင်းသို့ ၂၆ နှစ်တာကာလအတွင်း အနက်ရှိုင်းဆုံး မြေပြင်ကျူးကျော်စစ်ကို တိုးချဲ့ဆင်နွှဲလျက်ရှိရာ မဟာဗျူဟာမြောက် အရေးပါသည့် ဘူးဖို့ဒ်ရဲတိုက် (Beaufort Castle) ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အစ္စရေးတပ်ဖွဲ့များသည် လီတာနီမြစ်ကို ဖြတ်ကျော်ကာ ရှေ့တန်းကာကွယ်ရေးလိုင်းကို တိုးချဲ့ရန် အကြီးစားစစ် ဆင်ရေးများ ပြုလုပ်နေပြီး၊ ဇဟာရ်နီမြစ်တောင်ဘက်ရှိ ဒေသခံများအားလုံး ချက်ချင်းအိုးအိမ်စွန့်ခွာထွက်ပြေးကြရန် သတိပေးထားသည်။ လေဘနွန်ဝန်ကြီးချုပ် နာဝါဖ် ဆလမ်ကမူ အစ္စရေးသည် နာဘာတီးယားမြို့ဆီသို့ ဦးတည်ထိုးစစ်ဆင်ရာတွင် “မြေ လှန်စနစ်” (Scorched-earth policy)ကို ကျင့်သုံးနေသည်ဟု စွပ်စွဲပြစ်တင်ထားသည်။
စစ်ရေးတင်းမာမှုများ မြင့်တက်နေစဉ် အီရန်စစ်တပ်၏ ဒုတိယစစ်သေနာပတိချုပ် ရဲမှူးချုပ် ဟာဘီဘိုလာ ဆေယာရီက ၎င်းတို့နယ်နိမိတ်အပေါ် ကျူးကျော်မှုမှန်သမျှကို အရင်ကထက် ပိုမိုပြင်းထန်စွာ လက်တုံ့ပြန်မည်ဟု သတိပေးခဲ့ပြီး၊ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC)ကလည်း ၎င်းတို့ရေပိုင်နက်အတွင်း ရန်လိုသောစစ်ဆင်ရေးပြုလုပ်ရန် ကြိုးပမ်းသည့် အမေရိကန်ဒရုန်းတစ်စင်းကို ပစ်ချခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့ပြင် အီရန်သည် တစ်နာရီလျှင် ရေမိုင် ၁၀၀ အထိ မောင်းနှင်နိုင်ပြီး ခရုစ်ဒုံးကျည်များ ပစ်ခတ်နိုင်သည့် နောက်ဆုံးပေါ် တိုက်ခိုက်ရေးရေယာဉ် “၂၇ ရာဂျပ်” ကို တီဟီရန်မြို့၌ ထုတ်ဖော်ပြသခဲ့သည်။
အမေရိကန်ပြည်ထောင်စုတွင်မူ သမ္မတထရမ့်က အတိတ်စစ်ပွဲများ (ဥပမာ-အီရတ်စစ်ပွဲ)၏ သင်ခန်းစာများကြောင့် အီရန်၏ စစ်တပ်နှင့် အဖွဲ့အစည်းများကို ဖြိုခွဲဖျက်ဆီးမည့် အန္တရာယ်မျိုး မဖြစ်စေရန် အီရန်စစ်တပ်ကို ပစ် မှတ်ထားတိုက်ခိုက်ခြင်းမှ ရည်ရွယ်ချက်ရှိရှိ ရှောင်ကြဉ်ခဲ့ခြင်း ဖြစ် ကြောင်း ရှင်းလင်းခဲ့သည်။
တစ်ပြိုင်နက်တည်းမှာပင် အမေရိကန်လွှတ်တော်သည် အမေရိကန်နှင့် အစ္စရေးစစ်တပ်နှစ်ခု၏ လက်နက်သုတေသနနှင့် ကာ ကွယ်ရေးနည်းပညာများကို ပိုမိုနီးကပ်စွာ ပေါင်းစည်းမည့် အစီ အမံများကို ဆက်လက်ရှေ့တိုး ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN