ရပ်နားထားသည့် ကားတစ်စီးအပေါ် ကျောက်တုံးပြိုကျရာမှ ယာဥ်မောင်းသေဆုံး

(မှုခင်း) မေ ၂၆

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံ – တာချီလိတ် ပြည်ထောင်စုကားလမ်းပေါ် တာကျောက်ရွာနှင့် ဖာစကိုင်းကြား ရေကျနေရာတွင် ရပ်နားထားသည့် ကားတစ်စီးအပေါ် တောင်ကမ်းပါးမှ ကျောက်တုံးပြိုကျမှုဖြစ်ပွားသဖြင့် ယာဉ်မောင်းသေဆုံးပြီး ယာဉ်အကူတစ်ဦး ခြေထောက်ကျိုးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မေလ ၂၄ ရက် ညနေပိုင်းအချိန် မိုင်းဖြတ် – ကျိုင်းတုံလမ်း၊ တာကျောက်ရွာအနီးတွင် ကားရပ်နားကာ ရေဖြည့်အနားယူနေစဉ် မိုးရွာသွန်းမှုကြောင့် တောင်ကမ်းပါးမှ မြေပြိုပြီး ကျောက်တုံးများ ပြိုကျခဲ့သဖြင့် ကားရပ်နားကာ ရေဖြည့်အနားယူရန် ရပ်ထားသည့် ကားပေါ်သို့ ပြိုကျရခဲ့ရာ ကားဒရိုင်ဘာတွင် အတွင်းဒဏ်ရာရပြီး စပါယ်ယာတွင်လည်း ခြေထောက်ကျိုးသွားကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ ၂ဦးအား ကူညီကယ်ဆယ်ရေးအဖွဲ့မှ ဆေးရုံသို့ ပို့ဆောင်စဥ် ကားဒရိုင်ဘာသည် လမ်းတွင်သေဆုံးသွားကြောင်း သိရသည်။

အဆိုပါဖာစကိုင်းအနီး လမ်းပိုင်းသည် မိုးရာသီကာလများတွင် ကျောက်တုံး၊ ကျောက်ခဲများ မကြာခဏ ပြိုကျလေ့ရှိသည့် အန္တရာယ်များသော နေရာတစ်ခုဖြစ်ကြောင်း ၊ ယခင်ကလည်း ကျောက်ပြိုကျမှုကြောင့် သေဆုံးမှုများ ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။