
(နိုင်ငံတကာ)မေ ၂၃
တရုတ်နိုင်ငံ၏ အဓိကကျောက်မီးသွေးထွက်ရှိရာ ရှန်စီ (Shanxi) ပြည်နယ်ရှိ ကျောက်မီးသွေးတွင်းတစ်ခုတွင် ပြင်း ထန်သော ဓာတ်ငွေ့ပေါက်ကွဲမှုတစ်ရပ် သောကြာနေ့က ဖြစ်ပွားခဲ့ရာ အနည်းဆုံး အလုပ်သမား ၉၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ယခုဖြစ်စဉ်သည် တရုတ်နိုင်ငံတွင် ပြီးခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း သေဆုံးမှုအများဆုံး သတ္တုတွင်းမတော်တဆမှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာန၏ ဖော်ပြချက်အရ ရှန်စီပြည်နယ် ချင်ယွမ်(Qinyuan)ခရိုင်ရှိ လျှူးရှန်ယု(Liushenyu) ကျောက်မီးသွေးတွင်း၌ ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် မြေအောက် ၌ အလုပ်သမား ၂၄၇ ဦး တာဝန်ကျနေခဲ့ခြင်းဖြစ်သည်။ အဆိုပါပေါက်ကွဲမှုမဖြစ်ပွားမီ တရုတ်သတ္တုတွင်းအတွင်း ကာဗွန်မိုနောက်ဆိုဒ် (Carbon monoxide) သတိပေးချက် ထုတ်ပြန်ခဲ့ပြီး၊ အချို့သောသတင်းများတွင် မြေအောက်ဓာတ်ငွေ့ပမာဏမှာ ဘေးကင်းလုံခြုံသည့် အကန့်အသတ်ထက် ကျော်လွန်နေခဲ့သည်ဟု ဖော်ပြကြသည်။
လက်ရှိတွင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက မြေ အောက်၌ ပိတ်မိနေနိုင်သည့် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေရန်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ နိုင်ငံပိုင်ရုပ်သံလိုင်းဖြစ်သည့် CGTN ၏ ထုတ်ပြန်ချက်အရ အာ ဏာပိုင်များက ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေစဉ်အတွင်း အဆိုပါသတ္တုတွင်းကို ကြီးကြပ်ကွပ်ကဲရန် တာဝန်ရှိသူအား ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ တရုတ်သမ္မတ ရှီကျင့်ဖျင်က နိုင်ငံတစ်ဝန်းရှိ အာဏာပိုင်များကို ကြီးမားသော မတော် တဆမှုများ မဖြစ်ပွားစေရန် တားဆီးရေး ကြိုးပမ်းမှုများ တိုးမြှင့်လုပ်ဆောင်ကြရန် တိုက်တွန်းခဲ့သည်။ သမ္မတ ရှီကျင့်ဖျင်က “ဒေသအားလုံးနဲ့ ဌာနအားလုံးအနေနဲ့ ဒီမတော် တဆမှုကနေ သင်ခန်းစာယူရပါမယ်၊ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်ပြီး အမြဲ သတိ ရှိနေရမှာဖြစ်သလို၊ အန္တရာယ်တွေနဲ့ ဖုံးကွယ်နေတဲ့ ဘေး အန္တရာယ် အမျိုးအစားအားလုံးကို သေချာစုံစမ်းစစ်ဆေးပြီး ပြုပြင်ရပါမယ်၊ ပြီးတော့ ကြီးမားပြင်းထန်တဲ့ မတော်တဆမှုတွေ မဖြစ်ပွားအောင် ပြတ်ပြတ်သားသား တားဆီးကာကွယ်ရပါမယ်” ဟု ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ကျောက်မီးသွေးတွင်းများသည် အလျင် အမြန်တိုးတက်နေသော နိုင်ငံ၏စီးပွားရေးမှ အကျိုးအမြတ်ရရှိရန် ကုမ္ပဏီများက ကြိုးပမ်းကြစဉ်အတွင်း ဘေးကင်းလုံခြုံရေးစံနှုန်း အားနည်းခြင်း၊ စည်းမျဉ်းစည်းကမ်း တင်း ကျပ်မှုမရှိခြင်းနှင့် အဂတိလိုက်စားမှုများကြောင့် ကမ္ဘာပေါ်တွင် အန္တရာယ်အရှိဆုံး ကျောက်မီးသွေးတွင်းများအဖြစ် သတ်မှတ်ခြင်းခံထားရသည်။
ယခုဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ရှန်စီပြည်နယ်သည် တရုတ်နိုင်ငံ ၏ အဓိက ကျောက်မီးသွေးတူးဖော်ရာ ဒေသဖြစ်ပြီး၊ ပြီးခဲ့သည့်နှစ်က ထိုဒေသတွင် ကျောက်မီးသွေးတန်ချိန် ၁ ဘီလီယံကျော် တူးဖော်ခဲ့ကာ ယင်းသည် တစ်နိုင်ငံလုံး စုစုပေါင်းထွက်ရှိမှု၏ သုံးပုံတစ်ပုံနီးပါး ရှိသည်။
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ကျောက်မီးသွေးကို အများဆုံး ထုတ်လုပ်ပြီး အများဆုံး သုံးစွဲသည့်နိုင်ငံဖြစ်ကာ တစ်ဖက်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အများဆုံး ထုတ်လုပ်နေသော်လည်း ကမ္ဘာပေါ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ကို နှစ်စဉ်အများဆုံး ထုတ်လွှတ်နေသည့် နိုင်ငံလည်း ဖြစ်သည်။
Telegram»…
https://t.me/positiveanglenews
#PAN