(သမဝါယမ) မေ ၂၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် မေ ၂၂ ရက် နံနက်ပိုင်းတွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်း သမဝါယမစနစ်ဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူမြို့နယ်၊ ငါဖယ်အင်းကျေးရွာရှိ တောင်ကုန်းကျောင်းဓမ္မာရုံတွင် နွေစပါးစိုက်တောင်သူများနှင့် တွေ့ဆုံခဲ့ရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နေတောင်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် သမဝါယမစနစ်ဖြင့် စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့ပြင် တောင်သူများအနေဖြင့် တစ်ဦးချင်းစိုက်ပျိုးရာတွင် မျိုး၊ သွင်းအားစုများအတွက် ကုန်ကျစရိတ်များ တိုးမြှင့်နိုင်သဖြင့် သမဝါယမစနစ်ဖြင့် တစ်ကွင်းတစ်ဆက်တည်း စုပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ပါက မျိုးကောင်းမျိုးသန့်၊ ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးရေရရှိရေးတို့ကို အချိန်မီ ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဒေသခံတောင်သူများ၏ လိုအပ်ချက်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံရာတွင် ဦးစီးဌာနအလိုက် တိုင်းဒေသကြီးဦးစီးမှူးများက တောင်ငူခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအစီအစဉ်များ၊ ကျေးလက်လမ်းကွန်ရက်များနှင့် ကုန်ထုတ်လမ်းကွန်ရက်ချိတ်ဆက်မှုများကို ရှင်းလင်းတင်ပြကြသည်။
ထိုတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဒေသဖွံ့ဖြိုးရေးအတွက် စီမံကိန်းရေးဆွဲရာတွင် မြေပြင်အချက်အလက်များ မှန်ကန်စွာကောက်ယူသုံးသပ်ရန်လိုအပ်ကြောင်း၊ Master Plan ရေးဆွဲပြီး နှစ်အလိုက် အကျိုးရှိပြီး လက်တွေ့ကျသော လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်သင့်ကြောင်း၊ ဒေသအုပ်ချုပ်ရေးအဖွဲ့များနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူမြို့ (၂)ရပ်ကွက်ရှိ “DTH” Specialty Coffee လုပ်ငန်းသို့ သွားရောက်ကာ လုပ်ငန်းလည်ပတ်မှုအဆင့်ဆင့်ကို ကြည့်ရှုအားပေးခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးညှိနှိုင်းပေးခဲ့သည်။
ဆက်လက်၍ တောင်ငူမြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် ပတ်တန်း-ထီးလှိုင် ကျေးရွာချင်းဆက်လမ်း ကျောက်ရောမြေခင်းခြင်းလုပ်ငန်းကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါလမ်းသည် ကျေးရွာလေးရွာရှိ အိမ်ခြေ ၂၆၉ အိမ်၊ လူဦးရေ ၉၀၀ ကျော်နှင့် စိုက်ပျိုးမြေဧက ၉၉၀ ကျော်တို့ကို အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးက ကျေးလက်လမ်းတံတားများသည် ဒေသဖွံ့ဖြိုးရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေးအတွက် အရေးပါကြောင်း၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ ပြည်တော်အေးကျေးရွာရှိ ဥဿာ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကုန်ထုတ်သမဝါယမအသင်း၏ ငါးမွေးမြူရေးနှင့် ဒေသကြက်မွေးမြူရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သမဝါယမစနစ်ဖြင့် စနစ်ကျမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းစားရေရိက္ခာဖူလုံရေးအတွက် အရေးပါကြောင်း ဆွေးနွေးမှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးသို့ သွားရောက်ကာ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံရာတွင် သမဝါယမစနစ်ကို အခြေခံ၍ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသထွက်ကုန်ကြမ်းများကို အသုံးပြု၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ တပ်ကလေးကျေးရွာအုပ်စု၊ တပ်ကလေးမြောက်စုကျေးရွာတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရက် ၁၀၀ အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသော ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများကို စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးနှင့် ရေရှည်တည်တံ့ကောင်းမွန်ရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင်ထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

#PAN