ကွန်ဂိုတွင် အီဘိုလာဗိုင်းရပ်စ်အန္တရာယ် ‘အလွန်မြင့်မား’ အဆင့်သို့ WHO တိုးမြှင့်၊ အမေရိကန်နိုင်ငံသားတစ်ဦးအပါအဝင် ပြည်ပသို့ ကူးစက်မှုများရှိလာ

(နိုင်ငံတကာ)မေ ၂၃

    ​​​​ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DR Congo) တွင် အသက်သေဆုံးစေနိုင်သည့် အီဘိုလာ (Ebola) ဗိုင်းရပ်စ် ကူးစက်ပြန့် ပွားမှုများ ပိုမိုပြင်းထန်လာခြင်းကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အများပြည်သူကျန်းမာရေးဆိုင်ရာ စိုးရိမ်ရမှုအဆင့်ကို “မြင့်မား” အဆင့်မှ “အလွန်မြင့်မား” အဆင့်သို့ တိုးမြှင့်သတ် မှတ်လိုက်သည်။

      ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အထွေထွေညွှန်ကြားရေးမှူးချုပ် တက်ဒရိုစ် အာဒါနန် ဂေဘရီယေဆုက လက်ရှိကူးစက်နေသည့် ဘွန်ဒီဗူဂျို (Bundibugyo) အီဘိုလာဗိုင်းရပ်စ်မျိုးကွဲအပေါ် စိုးရိမ်ရမှုအဆင့်ကို “အမျိုးသားအဆင့်တွင် အလွန်မြင့်မား၊ ဒေသတွင်းအဆင့်တွင် မြင့်မားပြီး ကမ္ဘာလုံးဆိုင်ရာအဆင့်တွင်မူ နိမ့်ပါးသည်” ဟု ပြောင်းလဲသတ်မှတ်လိုက်ပြီး ကွန်ဂိုနိုင်ငံ၏ အခြေအနေမှာ အလွန်အမင်း စိုးရိမ်ဖွယ် ရာ ကောင်းနေကြောင်း ပြောကြားခဲ့သည်။

     လက်ရှိအချိန်အထိ ဗိုင်းရပ်စ်ကူးစက်ခံရကြောင်းအတည်ပြုလူနာ ၈၂ ဦးနှင့် သေဆုံးသူ ၇ ဦး ရှိနေသော် လည်း၊ လက်တွေ့တွင် ကူးစက်မှုပမာဏမှာ ယခုထက်များစွာ ပိုမိုကျယ်ပြန့်နေပြီး ရောဂါပိုးရှိသူဟု သံသယရှိသူ ၇၅၀ နီးပါးနှင့် သံသယဖြစ်ဖွယ် သေဆုံးသူ ၁၇၇ ဦးအထိ ရှိနေကြောင်း သိရသည်။ ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကူးစက်မှုဗဟိုချက်ဖြစ်သည့် အီတူရီ (Ituri) ပြည်နယ်သို့ ထပ်တိုးဝန်ထမ်းများကို စေလွှတ်ကာ ကူညီပံ့ပိုးပေးလျက်ရှိသည်။

     ယခု ဗိုင်းရပ်စ်မျိုးကွဲအသစ်အတွက် လက်ရှိအချိန်အထိ အတည်ပြုထားသည့် ကာကွယ်ဆေး သို့မဟုတ် ကုသမှုမျိုး မရှိသေးသဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ယင်းအခြေအနေကို နိုင်ငံတကာက စိုးရိမ်ရသည့် အရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ကြေညာထားသည်။ အီဘိုလာဗိုင်းရပ်စ်သည် ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အော့အန်ခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောခြင်းတို့ကို ဖြစ်ပွားစေပြီး ခန္ဓာကိုယ်မှထွက်သော အရည်များနှင့် တိုက်ရိုက်ထိတွေ့မိရာမှတစ်ဆင့် ကူးစက်ပြန့်ပွားကာ အသက်သေဆုံးသည်အထိ ဖြစ်စေနိုင် သည်။

     အခြေအနေများ လျင်မြန်စွာပြောင်းလဲလာမှုကြောင့် အီတူရီပြည်နယ်အစိုးရက ဈာပနအခမ်းအနားများကို ကန့် သတ်လိုက်ပြီး ရုပ်အလောင်းမြှုပ်နှံမှုများကို အထူးဖွဲ့စည်းထားသည့်အဖွဲ့များကသာ လုပ်ဆောင်ရန်၊ ဆေးဘက်ဆိုင် ရာ မဟုတ်သော ယာဉ်များဖြင့် ရုပ်အလောင်းများ သယ်ယူပို့ဆောင်ခြင်းကို ပိတ်ပင်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။ ထို့ပြင် လူစုလူဝေးပြုလုပ်ခြင်းကို အများဆုံး လူ ၅၀ အထိသာ ကန့်သတ်ထားပြီး ဒေသတွင်း ဘော လုံးလိဂ်ပြိုင်ပွဲကိုလည်း ဆိုင်းငံ့ထားသည်။

     ယခုကဲ့သို့ တင်းကျပ်သည့် အစီအမံများမချမှတ်မီ ရက် ပိုင်းအလိုက အီတူရီပြည်နယ် ရမ်ပါရာ (Rwampara) မြို့ခံအချို့က ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ၏ ရုပ်အလောင်းကို ပြန်လည်ရယူရန် ကြိုးပမ်းစဉ် အီဘိုလာကုသရေးစင်တာတစ်ခုကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရဲတပ်ဖွဲ့နှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ရှိခဲ့သည်။

     ယခုဗိုင်းရပ်စ်မျိုးကွဲ ကူးစက်မှုကို အိမ်နီးချင်း ယူဂန်ဒါနိုင်ငံတွင်လည်း မှတ်တမ်းတင်ထားပြီး DRC မှ ကူးစက်မှုနှင့် ဆက် စပ်၍ လူတစ်ဦး သေဆုံးခဲ့သော်လည်း လက်ရှိတွင် ယူဂန်ဒါ၏ အခြေအနေမှာ တည်ငြိမ်နေကြောင်း သိရသည်။

     ထို့ပြင် ကွန်ဂိုတွင် အလုပ်လုပ်ကိုင်နေသည့် အမေရိကန်နိုင်ငံသားတစ်ဦးတွင် အီဘိုလာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့သဖြင့် ၎င်းကို ကုသမှုခံယူရန် ဂျာမနီနိုင်ငံသို့ ပြောင်းရွှေ့ပေးခဲ့ရသလို၊ ရောဂါပိုးရှိသူနှင့် အနီးကပ်ထိတွေ့မှုရှိခဲ့သည့် အခြားအမေရိကန်နိုင်ငံသားတစ်ဦးကိုလည်း ချက်သမ္မတနိုင်ငံသို့ ရွှေ့ပြောင်းစောင့်ကြည့်ထားသည်။ နယ်သာလန်နိုင်ငံရှိ ရက်ဒ်ဘောက်ဒ် တက္ကသိုလ်ဆေးရုံကလည်း ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေ သံသယရှိသူ လူနာတစ်ဦးကို အထူးသီးခြားခွဲထားသည့် အဆောင် (Isolation unit) တွင် ထည့်သွင်းစောင့်ကြည့်နေကြောင်း ကြေညာထား သည်။

     အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC)က ၎င်းတို့တွင် အီဘိုလာဗိုင်းရပ်စ်ကို စစ်ဆေးနိုင်သည့် စွမ်းဆောင်ရည်အပြည့်ရှိကြောင်းနှင့် လက်ရှိတွင် ဘွန်ဒီဗူဂျို ဗိုင်းရပ်စ်မျိုးကွဲအတွက် အသင့်တော်ဆုံးဖြစ်မည့် ကုထုံးများ ရှာဖွေနိုင်ရန် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

     WHO ၏ အာဖရိကဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မိုဟာမက် ယာကွဘ် ဂျာနာဘီက ကမ္ဘာကြီးအနေဖြင့် ယခုအီဘိုလာဗိုင်းရပ်စ်မျိုးကွဲကို လျှော့မတွက်သင့်ကြောင်း သတိပေးထား သည်။ ၎င်းက ယခုလအတွင်း ချမ်းသာသော အနောက်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၂၃ နိုင်ငံမှ အပျော်စီးသင်္ဘောခရီးသည်များကို ကူးစက်ခံခဲ့ရသည့် ဟန်တာဗိုင်းရပ်စ် (Hantavirus) ကူးစက်မှုနှင့် နှိုင်းယှဉ်ပါက ကွန်ဂိုရှိ အီဘိုလာကူးစက်မှုသည် ကမ္ဘာလုံးဆိုင်ရာ အာရုံ စိုက်မှု ရရှိခြင်း အလွန်နည်းပါးနေကြောင်း ထောက်ပြခဲ့ပြီး၊ ဗိုင်းရပ်စ်ရှိသူနှင့် ထိတွေ့မိသည့် လူနာတစ်ဦးတည်းရှိရုံနှင့်ပင် ကမ္ဘာကြီးတစ်ခုလုံးကို အန္တရာယ်ကျရောက်စေနိုင်သောကြောင့် အီဘိုလာဗိုင်းရပ်စ်ကို ရသင့်ရထိုက်သည့် အာရုံစိုက်မှုမျိုး ပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

Telegram»…
https://t.me/positiveanglenews

#PAN