သင်္ဘောအမှုထမ်းတစ်ဦးတွင် ဟန်တာဗိုင်းရပ်စ် ထပ်မံတွေ့ရှိ၊ စုစုပေါင်းပိုးတွေ့သူ ၁၂ ဦးအထိ ရှိလာကြောင်း WHO ထုတ်ပြန်

(နိုင်ငံတကာ)မေ ၂၃

    ​​​​ကူးစက်မှုဖြစ်ပွားရာ အပျော်စီးသင်္ဘောမှ ဒတ်ခ်ျလူမျိုး သင်္ဘောအမှုထမ်းတစ်ဦးတွင် ၁၂ ဦးမြောက် ဟန်တာဗိုင်းရပ်စ် (အန်ဒီးစ်ဗိုင်းရပ်စ်မျိုးကွဲ) ထပ်မံကူးစက်ခံရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြေညာခဲ့ပြီး၊ ခရီးသည်များကို ဆက်လက်စောင့်ကြည့်စစ်ဆေးကြရန် နိုင်ငံအသီးသီးသို့ တိုက်တွန်းနှိုးဆော်လိုက်သည်။

      ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အထွေထွေညွှန်ကြားရေးမှူးချုပ် တက်ဒရိုစ် အာဒါနန် ဂေဘရီယေဆုက ‘အမ်ဗွီ ဟွန်ဒီယပ်စ်’ (MV Hondius) အပျော်စီးသင်္ဘောပေါ်တွင် လိုက်ပါခဲ့သည့် ခရီး သည်အားလုံးကို သီးသန့်စောင့်ကြည့်ရက် (Quarantine period) မကုန်ဆုံးမချင်း ဂရုတစိုက် ဆက် လက်စောင့်ကြည့်သွားရန် ပြောကြားခဲ့သည်။ လက်ရှိအချိန်အထိ ယခုဗိုင်းရပ်စ်ကြောင့် လူ ၃ ဦး သေဆုံးခဲ့ပြီးဖြစ်သော်လည်း မေလ ၂ ရက်နေ့နောက်ပိုင်းတွင် ထပ်မံသေဆုံးသူမရှိတော့ဘဲ၊ အဆိုပါအပျော်စီးသင်္ဘောပေါ်ရှိ ကူးစက်မှုနှင့်ပတ်သက်၍ နိုင်ငံပေါင်း ၃၀ မှ ထိတွေ့မှုရှိခဲ့သူ ၆၀၀ ကျော်ကို လိုက်လံစောင့်ကြည့်နေရဆဲဖြစ် သည်။

      နယ်သာလန်အာဏာပိုင်များ၏ အဆိုအရ ပိုးတွေ့ရှိသည့် သင်္ဘောအမှုထမ်းသည် နေအိမ်၌ သီးသန့်ခွဲနေထိုင်ခဲ့သူဖြစ်ပြီး၊ လက်ရှိတွင် ကြိုတင်ကာကွယ်သည့်အနေဖြင့် ဆေးရုံ၌ သီးခြားခွဲထားပြီးဖြစ်ကြောင်း သိရသည်။ နယ်သာလန် အမျိုးသားကျန်းမာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (RIVM) က ယခုဖြစ်စဉ်ကြောင့် ပြည်သူများ စိုးရိမ်ပူပန်မှုရှိနိုင်သော်လည်း နိုင်ငံအတွင်း ဗိုင်းရပ်စ်ထပ်မံပြန့်ပွားနိုင်ခြေ အလွန်နည်းပါးကြောင်း ပြောကြားထား သည်။

     အဆိုပါအပျော်စီးသင်္ဘောသည် ဧပြီလ ၁ ရက်နေ့က အာဂျင်တီးနားနိုင်ငံမှ စတင်ထွက်ခွာခဲ့ခြင်းဖြစ်ပြီး၊ သင်္ဘောပေါ်သို့ ဗိုင်းရပ်စ် မည်သို့ရောက်ရှိလာသည်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ် သည်။ ပထမဆုံး ဗိုင်းရပ်စ်ကူးစက်ခံရသူသည် ငှက်ကြည့်ခရီးစဉ်တစ်ခုအတွင်း ကြွက်ကဲ့သို့သော ကိုက်ဖြတ်သတ္တဝါများနှင့် ထိတွေ့မိရာမှတစ်ဆင့် ကူးစက်ခံရခြင်းဖြစ်နိုင်သည်ဟု ယူဆရသည်။

     ဟန်တာဗိုင်းရပ်စ်ကို များသောအားဖြင့် ကိုက်ဖြတ်သတ္တဝါများက ပျံ့နှံ့စေခြင်းဖြစ်သော်လည်း၊ ယခု ‘အန်ဒီးစ်’ (Andes) ဗိုင်းရပ်စ်မျိုးကွဲသည် လူအချင်းချင်း ကူးစက်ပြန့်ပွားနိုင်စွမ်းရှိသည့် တစ်ခုတည်းသော ဟန်တာဗိုင်းရပ်စ်မျိုးကွဲအဖြစ် လူသိများသဖြင့် ကျန်းမာရေးအာဏာပိုင်များက အထူးသတိပြု စောင့်ကြည့်နေကြခြင်းဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

#PAN