
(နိုင်ငံတကာသတင်းဆောင်းပါး)မေ ၂၃
အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုသည် ကော်လ်ကတ္တား၊ အာဂရာ၊ ဂျိုင်းပူးရ်နှင့် နယူးဒေလီမြို့များသို့ သွားရောက်မည့် သုံးရက်ကြာ ခရီးစဉ်အဖြစ် စနေနေ့တွင် အိန္ဒိယနိုင်ငံသို့ သွားရောက်မည် ဖြစ် သည်။
၎င်းသည် အိန္ဒိယအဆင့်မြင့်အရာရှိများနှင့်အတူ စွမ်းအင်လုံခြုံရေး၊ ကုန်သွယ်ရေးနှင့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များကို ဆွေးနွေးသွားမည် ဖြစ် ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆို ခွင့်ရှိသူ တွမ်မီ ပီဂေါ့တ် (Tommy Pigott) က အင်္ဂါနေ့တွင် ထုတ်ပြန်သည့် ကြေညာ ချက်၌ ပြောကြားခဲ့သည်။
ယခုခရီးစဉ်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီတို့အကြား ဆက်ဆံရေးမှာ ဆက်လက်အတက်အကျ ဖြစ်ပေါ်နေချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
သို့ဖြစ်ရာ ရူဘီယို၏ ခရီးစဉ်သည် မည်သည့်အရာကို ရည် ရွယ်ခြင်းဖြစ်သနည်း၊ ၎င်းအနေဖြင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်အောင် ပြင်ဆင်ရန် ကြိုးပမ်းနေခြင်းလော။
ရူဘီယို၏ အိန္ဒိယခရီးစဉ် အဘယ်ကြောင့် အရေးပါရသနည်းဟူသော အချက်နှင့် ပတ်သက်၍ သိရှိထားသမျှမှာ အောက်ပါအတိုင်း ဖြစ်သည်။
ရူဘီယို၏ အိန္ဒိယခရီးစဉ် နောက်ခံအခြေအနေက ဘာလဲ
ရူဘီယိုသည် မေလ ၂၆ ရက်နေ့ နယူးဒေလီမြို့၌ ပြုလုပ်မည့် အမေရိကန်၊ ဂျပန်၊ ဩစတြေးလျနှင့် အိန္ဒိယနိုင်ငံတို့ ပါဝင်သည့် ‘ကွာ့ဒ်’ (Quad) အလွတ်သဘော လုံခြုံရေးဖိုရမ်မှ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်မီ အိန္ဒိယနိုင်ငံ၌ ရက်အနည်း ငယ်ကြာ ကုန်ဆုံးမည်ဖြစ်သည်။
အဖွဲ့ဝင်လေးနိုင်ငံပါဝင်သည့် အဆိုပါ လုံခြုံရေးဆိုင်ရာ ဆွေး နွေးပွဲ (The Quad)ကို “နေတိုးအဖွဲ့၏ အာရှမူကွဲ” ဟုလည်း ရည်ညွှန်းခေါ်ဆိုကြသည်။ ယင်းအဖွဲ့ကို တရုတ်နိုင်ငံ၏ အင်အားကြီးထွားလာမှုအပေါ် တုံ့ပြန်သည့်အနေဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အင်ဒို-ပစိဖိတ်ဒေသအတွင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုများနှင့် ရေကြောင်းစစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့သည်။
ထို့ပြင် ရူဘီယို၏ ခရီးစဉ်သည် ထရန့်အစိုးရအဖွဲ့က အိန္ဒိယဘီလျံနာ ဂေါတမ် အဒါနီ (Gautam Adani) အပေါ် စွဲဆိုထားသည့် ရာဇဝတ်မှုဆိုင်ရာ လိမ်လည်မှုစွဲချက်များကို ပယ်ဖျက်ရန် လုပ်ဆောင်ခဲ့ပြီးနောက် ရက်ပိုင်းအလိုမှာပင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အဒါနီသည် စာချုပ်များရရှိရန်အတွက် အိန္ဒိယအရာရှိများကို ဒေါ်လာ ၂၆၅ သန်းအခြေအထိ လာဘ်ထိုးခဲ့သည်ဟူသော စွပ်စွဲချက်၊ အိန္ဒိယရှိ နေရောင်ခြည်စွမ်းအင်သုံး စီမံကိန်းတစ်ခုကို ရရှိရန် အမေရိကန်ရင်းနှီးမြှုပ်နှံသူများကို လိမ်ညာခဲ့သည်ဟူသော စွပ်စွဲ ချက်များဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်ပြီး ၎င်း၏ ကုမ္ပဏီကမူ ယင်းစွပ်စွဲချက်များကို ကာလရှည်ကြာ ငြင်းဆိုခဲ့သည်။
အဒါနီက အမေရိကန်ပြည်ထောင်စုတွင် ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် ကတိပြုခဲ့ပြီးနောက် အမေရိကန် တရားရေးဝန် ကြီးဌာန (DOJ)က အဆိုပါအမှုကို ပိတ်သိမ်းပေးခဲ့ခြင်း ဖြစ် သည်။
တစ်ချိန်တည်းမှာပင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့တ် ဘက်ဆင့် (Scott Bessent)က တနင်္လာနေ့တွင် X လူမှုကွန် ရက်၌ ကြေညာရာတွင် အီရန်စစ်ပွဲကြောင့် ထိခိုက်နစ်နာခဲ့ရသည့် “စွမ်းအင်ချို့တဲ့သော” နိုင်ငံများကို ကူညီရန်အတွက် ရုရှား၏ ပင်လယ်ရေကြောင်းထွက် ရေနံစိမ်းများ ဝယ်ယူခွင့်ပြုသည့် ပိတ်ဆို့မှုဖြေလျှော့ခွင့်ကို နောက်ထပ် ရက် ၃၀ သက်တမ်းတိုးမြှင့်ပေးခဲ့ပြီး၊ ယခင်က သက်တမ်းမတိုးရန် စီစဉ်ထားမှုကို ပြောင်းလဲခဲ့သည်။
ပြီးခဲ့သည့် မေလ ၁၆ ရက်က ဖြေလျှော့ခွင့်သက်တမ်း ကုန် ဆုံးသွားခဲ့ပြီးနောက် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ရက် ၃၀ ကြာ အထွေထွေလိုင်စင်ကို ထုတ်ပြန်ပေးလိုက်ခြင်းဖြစ်ကြောင်း ဘက်ဆင့်က ဆိုသည်။ ယင်းသည် ရုရှားရေနံကုမ္ပဏီကြီးများအပေါ် အမေရိကန်၏ ပြင်းထန်သော ပိတ် ဆို့မှုများကို ချိုးဖောက်ခြင်းမရှိစေဘဲ ရေနံတင်သင်္ဘောများပေါ်တွင် ပိတ်မိနေသည့် ရုရှားရေနံနှင့် ရေနံထွက်ပစ္စည်းများကို ယာယီဝယ်ယူခွင့် ပေးလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းလင်းခဲ့သည်။
ယခုကဲ့သို့ သက်တမ်းတိုးမြှင့်ပေးလိုက်ခြင်းက ယခင်က ရုရှား၏ လျှော့စျေးရေနံစိမ်းအပေါ် မှီခိုနေရမှုကြောင့် အမေရိကန်၏ ဝေဖန်မှုကို ခံခဲ့ရသည့် အိန္ဒိယနိုင်ငံကဲ့သို့သော ရုရှားရေနံ အဓိကဝယ်ယူသည့်နိုင်ငံများအပေါ် ဖိအားများကို ယာယီအား ဖြင့် လျော့ပါးသွားစေခဲ့သည်။
အဒါနီအပေါ် စွဲဆိုထားသည့် စွဲချက်များကို ပယ်ဖျက်ပေးခြင်းနှင့် ပင်လယ်ပြင်သို့ ရောက်ရှိနေပြီးဖြစ်သော ရုရှားရေနံအပေါ် ပိတ်ဆို့မှုဖြေလျှော့ခွင့် သက်တမ်းတိုးပေးခြင်း ဟူသော ယခုလုပ်ရပ်နှစ်ခုစလုံးသည် အိန္ဒိယနိုင်ငံနှင့် ဆက်ဆံရေးကို မြှင့်တင်ရန် ကြိုးပမ်းမှုများအဖြစ် ရှုမြင်နိုင်ကြောင်း နိုင်ငံတကာအကဲခတ်များက ဆိုကြသည်။
ရူဘီယိုအနေဖြင့် ‘ကွာ့ဒ်’ အဖွဲ့မှ အခြားခေါင်းဆောင်များနှင့် တွေ့ဆုံမည့်အရေးသည်လည်း အမေရိကန်ပြည်ထောင်စုအနေ ဖြင့် အင်ဒို-ပစိဖိတ်ဒေသအပေါ် ၎င်း၏ကတိကဝတ်ကို ထပ် လောင်းအတည်ပြုသည့် လက္ခဏာတစ်ရပ်အဖြစ် ရှုမြင်ကြမည် ဖြစ်သည်။
ရူဘီယိုအနေဖြင့် အိန္ဒိယနှင့် ဆက်ဆံရေးကို ပြန်လည်မြှင့်တင်ရန် ကြိုးပမ်းနေခြင်းလော
အကဲခတ်များကမူ ရူဘီယို၏ အိန္ဒိယခရီးစဉ်သည် လွန်ခဲ့သည့်နှစ်က ထရန့်နှင့် မိုဒီတို့အကြား တင်းမာမှုများ ဖြစ်ပွားခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်ပြုပြင်ရန် ဝါရှင်တန်ဒီစီ၏ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ပြောကြားကြသည်။
နိုင်ငံခြားဆက်ဆံရေးကောင်စီ (CFR) ၏ အိန္ဒိယ၊ ပါကစ္စတန်နှင့် တောင်အာရှဆိုင်ရာ အဆင့်မြင့်သုတေသနပညာ ရှင် ဆာဒါနန် ဒူမေး(Sadanand Dhume)က ကြာသပ တေးနေ့တွင် CFR ဝက်ဘ်ဆိုက်၌ ရေးသားခဲ့သည့် ဆောင်း ပါးတစ်ခုတွင် ရူဘီယိုသည် အိန္ဒိယနိုင်ငံသို့ ဆက်ဆံရေး “ပြန်လည်ပြုပြင်ရေး” ပုံစံဖြင့် သွားရောက်ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာလက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဟောင်း ရှန် ဆာရမ် (Shyam Saran)က The Wire သတင်းဌာနသို့ ပြောကြားရာတွင် “အိန္ဒိယ-အမေရိကန် ဆက်ဆံရေးရဲ့ ၂၅ နှစ်တာ ကာလပတ်လုံး တိုးတက်လာခဲ့တဲ့ အရှိန်အဟုန်ဟာ ကျဆင်းမသွားသေးဘူးဆိုရင် တောင် အခုအချိန်မှာတော့ တန့်သွားပြီဖြစ်ပါတယ်” ဟု ဆိုခဲ့သည်။
အိန္ဒိယ-အမေရိကန် ဆက်ဆံရေး အဘယ်ကြောင့် တင်းမာခဲ့ရသနည်း
ထရန့်နှင့် မိုဒီတို့အကြား သဘောထားကွဲလွဲစရာ အဓိကအချက်အချို့ ရှိနေခဲ့သည်။
ရုရှားရေနံနှင့် ကုန်သွယ်ရေး အခွန်အတားအဆီးများ
လွန်ခဲ့သည့်နှစ်က အိန္ဒိယအနေဖြင့် ရုရှားရေနံကို ဆက်လက်ဝယ်ယူနေမှုအပေါ် “အပြစ်ပေးခြင်း” အနေဖြင့် ထရန့်က အပိုဆောင်း ကုန်သွယ်ရေးအခွန် ၂၅ ရာခိုင်နှုန်းကို တိုးမြှင့်ချမှတ်ခဲ့ရာ (လက်ရှိရှိနေသည့် အခွန်ကို ၅၀ ရာခိုင်နှုန်းအထိ နှစ်ဆတိုးမြှင့်ခဲ့ခြင်းဖြစ်သည်) နှစ်နိုင်ငံဆက်ဆံရေးမှာ အကျပ်အတည်းဆိုက်လုနီးပါး ဖြစ်ခဲ့သည်။
အောက်တိုဘာလတွင် မိုဒီနှင့် တွေ့ဆုံပြီးနောက် ထရန့်က အိန္ဒိယအနေဖြင့် ရုရှားရေနံဝယ်ယူမှုကို ရပ်ဆိုင်းရန် ကတိပြုခဲ့ကြောင်း ပြောကြားခဲ့သည်။ ယင်းကို အလဲ အလှယ်လုပ်သည့်အနေဖြင့် ထရန့်က အိန္ဒိယကုန်စည်များအပေါ် ချမှတ်ထားသည့် အမေရိကန်၏ အခွန်နှုန်းထားများကို ၁၈ ရာခိုင်နှုန်းအထိ လျှော့ချပေးရန် သဘောတူခဲ့သည်။
သို့သော်လည်း အမေရိကန်-အစ္စရေးတို့၏ အီရန်အပေါ် စစ်ပွဲစတင်ကတည်းကနှင့် ထို့နောက်ပိုင်း ဟော်မုဇ်ရေလက် ကြား (Strait of Hormuz)ကို ပိတ်ဆို့ခဲ့ပြီးနောက်ပိုင်းတွင် အိန္ဒိယသည် ရုရှားရေနံကို ဆက်လက်ဝယ်ယူခဲ့သည်။
ယခုအခါ အမေရိကန်သည် အိန္ဒိယအား ၎င်းတို့ထံမှလည်း ကောင်း၊ ဗင်နီဇွဲလားနိုင်ငံထံမှလည်းကောင်း ရေနံကို အစားထိုးဝယ်ယူရန် ဖျောင်းဖျနိုင်လိမ့်မည်ဟု မျှော်လင့်နေသည်။
ပါကစ္စတန်
ရူဘီယို၏ ခရီးစဉ်သည် အိန္ဒိယ၏ မဟာပြိုင်ဘက်ဖြစ်သော ပါကစ္စတန်နိုင်ငံနှင့် အမေရိကန်တို့အကြား ဆက်ဆံရေး လပေါင်းများစွာကြာ ကောင်းမွန်လာခဲ့ပြီးနောက်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ပြီးခဲ့သည့်နှစ် ဧပြီလက အိန္ဒိယစီမံခန့်ခွဲရာ ကက်ရှ်မီးယားဒေသရှိ လူကြိုက်များသော ခရီးသွားနေရာတစ်ခုဖြစ်သည့် ပါဟယ်ဂမ် (Pahalgam) တွင် တိုက်ခိုက်သူများက လူ ၂၆ ဦးကို သတ်ဖြတ်ခဲ့ပြီးနောက် အိန္ဒိယနှင့် ပါကစ္စတန်တို့အကြား လက် နက်ကိုင်ပဋိပက္ခအတွင်း ပါဝင်ပတ်သက်ခဲ့ကြသည်။ အဆိုပါတိုက်ခိုက်မှုကို အိန္ဒိယနှင့် အမေရိကန်တို့က “အကြမ်းဖက်” အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည့် ခွဲထွက်ရေးသမားအုပ်စုဖြစ်သော The Resistance Front (TRF)က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။ နယူးဒေလီအစိုးရက ယင်းအဖွဲ့သည် ကက်ရှ်မီးယားကို ပါကစ္စတန်၏ ပိုင်နက်အဖြစ် ဖြစ်လာစေရန် တောင်းဆိုနေပြီး ပါကစ္စတန်အခြေစိုက် Lashkar-e-Taiba (LeT) အဖွဲ့နှင့် ဆက်နွှယ်နေကြောင်း စွပ်စွဲထားသော်လည်း အစ္စလာမ်မာဘတ်အစိုးရကမူ ယင်းကို ငြင်းဆိုထားသည်။
ပါဟယ်ဂမ် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် နယူးဒေလီသည် အစ္စလာမ်မာဘတ်နှင့် သံတမန်ရေးရာ ဆက်ဆံရေးကို လျှော့ချခဲ့ပြီး နှစ်နိုင်ငံအကြား အိန္ဒုမြစ်မှ ရေကို သင့်လျော်စွာ ခွဲဝေသုံးစွဲခွင့်ပေးထားသည့် အိန္ဒုမြစ်ရေဆိုင်ရာ သဘောတူညီချက် (Indus Waters Treaty) ကိုလည်း ဆိုင်းငံ့ခဲ့သည်။
မေလ ၇ ရက်နေ့တွင် အိန္ဒိယက ပါကစ္စတန်နိုင်ငံနှင့် ပါကစ္စတန်စီမံခန့်ခွဲရာ ကက်ရှ်မီးယားဒေသရှိ နေရာ ၉ ခုကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ရာ အရပ်သား အများအပြား သေဆုံးခဲ့ကြောင်း အစ္စလာမ်မာဘတ်က ဆိုသည်။ ထို့ နောက် သုံးရက်ကြာ ကာလပတ်လုံး နှစ်နိုင်ငံစလုံးသည် တစ်ဖက်နှင့်တစ်ဖက် စစ်အခြေစိုက်စခန်းများကို ပစ်မှတ်ထားရန် ဒရုန်းများနှင့် ဒုံးကျည်များကို အသုံးပြု၍ ပြင်းထန်သော ဝေဟင်စစ်ပွဲကို ဆင်နွှဲခဲ့ကြသည်။
နောက်ဆုံးတွင် သမ္မတထရန့်က ၎င်း၏ ကြားဝင်စေ့စပ်ပေးမှုကြောင့်ဟု အမွှမ်းတင်ခဲ့သည့် အပတ်ခတ်ရပ်စဲရေးကို မေလ ၁၀ ရက်နေ့တွင် ရရှိခဲ့သည်။ သို့သော်လည်း တောင်အာရှ အိမ်နီး ချင်းနှစ်နိုင်ငံအကြား တင်းမာမှုများမှာ ဆက် လက်ရှိနေဆဲ ဖြစ် သည်။ ထို့ပြင် အိန္ဒိယက အပစ်အခတ်ရပ်စဲရေးရရှိရန် ထရန့်၏ ကြားဝင်စေ့စပ်ပေးမှု ကဏ္ဍကို အသိအမှတ်ပြုရန် ငြင်းဆိုခဲ့သော်လည်း၊ ပါကစ္စတန်ကမူ ယင်းလုပ်ရပ်ကြောင့် ထရန့်ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် အဆိုပြုခဲ့သည်။
“အိန္ဒိယ-အမေရိကန် ကုန်သွယ်ရေး သဘောတူညီချက် ဒါမှမဟုတ် အိန္ဒိယနဲ့ ပါကစ္စတန်အကြား အမေရိကန်ရဲ့ ကြားဝင်စေ့စပ်ပေးမှုလိုမျိုး အကြောင်းအရာတွေနဲ့ ပတ် သက်ပြီး ဘယ်အဆင့်မှာမှ ဆွေးနွေးပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးဆိုတာကို ဝန် ကြီးချုပ် မိုဒီက သမ္မတထရန့်ကို ရှင်းရှင်း လင်းလင်း ပြောကြားခဲ့ပါတယ်” ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဗစ်ကရမ် မစ်ဆရီ (Vikram Misri) က ပြီးခဲ့သည့် ဇွန်လတွင် ပြောကြားခဲ့သည်။
အမေရိကန်-အစ္စရေးတို့၏ အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲကာလအတွင်း ပါကစ္စတန်သည် ကြားခံစေ့စပ်သူအဖြစ် ပါဝင်ဆောင်ရွက်ပေးခဲ့ပြီး အမေရိကန်အရာရှိများနှင့် ပုံမှန်ညှိနှိုင်း ဆောင်ရွက်ခဲ့သည်။ “ပါကစ္စတန်အပေါ် အလွန်ပဲ လေးစားမိပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ အလွန်ကောင်းမွန်ခဲ့လို့ပါပဲ။ သူတို့ တကယ်ကို ကြိုးစားခဲ့ကြပြီး ရှေ့ဆက်ပြီးတော့လည်း ပါဝင်ကူညီသွားဦးမှာပါ” ဟု ထရန့်က ဧပြီလအတွင်း Fox News နှင့် တွေ့ဆုံမေး မြန်းခန်းတစ်ခုတွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလတွင် အမေရိကန်သည် ပါကစ္စတန်၏ F-16 တိုက်လေယာဉ်များအတွက် အဆင့်မြင့်နည်းပညာများနှင့် အဆင့်မြှင့်တင်မှုများ ပြုလုပ်ရန် ခန့်မှန်းခြေ ဒေါ်လာ ၆၈၆ သန်း တန်ဖိုးရှိ အရောင်းအဝယ်အစီအစဉ်ကို အတည်ပြုပေးခဲ့သည်။
(Al Jazeera သတင်းဌာနမှ Sarah Shamim ၏ Marco Rubio visits India: What’s at stake with Trump-Modi ties strained ?သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)
Telegram»…
https://t.me/positiveanglenews
#PAN