
(နိုင်ငံတကာ)မေ ၂၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲအတွင်း နေတိုး (NATO) မဟာမိတ်အဖွဲ့၏ ထောက်ပံ့ကူညီမှု အားနည်းခြင်းကို အပြစ်ပေးသည့်အနေ ဖြင့် ဥရောပရှိ အမေရိကန်တပ်ဖွဲ့ဝင်အင်အားကို လျှော့ချမည့် အစီအစဉ်အား ပြောင်း လဲကာ၊ ပိုလန်နိုင်ငံသို့ အပိုဆောင်း စစ်သည် ၅,၀၀၀ ကို တိုးမြှင့်ဖြန့်ကြက်သွားမည်ဖြစ်ကြောင်း ကြာသပတေးနေ့တွင် ကြေညာလိုက်သည်။
သမ္မတထရန့်သည် အသေးစိတ်အချက်အလက် အနည်း ငယ်သာပါဝင်သည့် လူမှုကွန်ရက်ပို့စ်တစ်ခုမှတစ်ဆင့် ယခုကဲ့သို့ စစ်သည်စေလွှတ်မည့်အကြောင်းကို ကြေညာခဲ့ခြင်းဖြစ်ပြီး၊ ယင်းသည် ၎င်းကိုယ်တိုင် ထောက်ခံပေးခဲ့ပြီး လွန်ခဲ့သည့်နှစ်က ရွေးကောက်ခံခဲ့ရသည့် ပိုလန်အမျိုးသားရေးဝါဒီ သမ္မတ ကာရို နာဗရော့စကီး (Karol Nawrocki) နှင့် ရှိသည့် ရင်းနှီးသော ဆက်ဆံရေးကြောင့်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ယခုကြေညာ ချက်သည် ထရန့်အစိုးရအဖွဲ့က ဂျာမနီနိုင်ငံရှိ စစ်အခြေစိုက်စခန်းများမှ စစ်သည် ၅,၀၀၀ အား ပြန်လည်ရုပ်သိမ်းမည်ဟု ကြေညာခဲ့ပြီးနောက်ပိုင်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့်အပတ်က ပိုလန်သို့ စစ်သည် ၄,၀၀၀ ဖြန့် ကြက်မည့်အစီအစဉ်ကို ပျက်သိမ်းရန် ပင်တဂွန်စစ်ဌာနချုပ်က ရုတ် တရက် ဆုံးဖြတ်ခဲ့သည့်အတွက် ပိုလန်စစ်တပ်မှာ ကြိုတင်သတိ ပေးချက်မရဘဲ အကျပ်ရိုက်ခဲ့ရသလို၊ အမေရိကန် စစ်ဘက်အရာရှိများလည်း မှင်တက်သွားခဲ့ရကြောင်း POLITICO သတင်းဌာနက ဖော်ပြခဲ့သည်။ နောက်ပိုင်းတွင် ဒုတိယသမ္မတ ဂျေဒီဗန့်စ် (JD Vance) က အဆိုပါအစီ အစဉ်မှာ ရွှေ့ဆိုင်းခြင်းသာဖြစ်ပြီး ဖျက်သိမ်းခြင်းမဟုတ်ကြောင်း ပြန်လည်ရှင်းလင်းခဲ့ရသည်။
ယခုအခါ သမ္မတထရန့်က အပြောင်းအလဲပြုလုပ်ကာ ပိုလန်သို့ စစ်သည် ၅,၀၀၀ စေလွှတ်မည်ဟု ရုတ်တရက် ကြေညာခဲ့ခြင်း ဖြစ်သည်။ ယခုဆုံးဖြတ်ချက်နှင့် ပတ်သက် ၍ အမည်မဖော်လိုသည့် ပိုလန်အရာရှိတစ်ဦးနှင့် နေတိုးကိုယ်စားလှယ်တစ်ဦးတို့က အမေရိကန်အစိုးရအဖွဲ့သည် မဟာမိတ်များနှင့် ကြိုတင်ဆွေးနွေးခဲ့ခြင်းမရှိဘဲ တစ်ဦးတည်း ဆုံးဖြတ်ခဲ့ခြင်းကြောင့် အလွန်အံ့အားသင့်ခဲ့ရကြောင်း ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် ဇွန်လတွင် ရွေးကောက်တင်မြှောက်ခြင်းခံရသည့် ပိုလန်သမ္မတ နာဗရော့စကီးသည် ရာထူးတက်ကတည်းက ထရန့်အစိုးရအဖွဲ့နှင့် သဘောထားချင်း အများစု ကိုက်ညီခဲ့ပြီး၊ အမေရိကန်စစ်တပ်ကို ၎င်းတို့နိုင်ငံသို့ စေလွှတ်ပေးရန် ထရန့်ထံ တောင်းဆိုခဲ့သည်။
သို့သော် လည်း ယင်းလုပ်ရပ်က ၎င်းအား ဥရောပသမဂ္ဂ (EU)လိုလားသူ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တူးစ်ခ် (Donald Tusk) နှင့် သဘောထားချင်း ထိပ်တိုက်တွေ့စေခဲ့သည်။ ဝန်ကြီး ချုပ် တူးစ်ခ်က အမေရိကန်စစ်အင်အား တိုးမြှင့်ခြင်းကို လိုလားသော်လည်း ဥရောပရှိ အခြားမဟာမိတ်များ(ဂျာမနီ)ထံမှ တပ်ဖွဲ့များကို “လုယူခြင်း” မျိုး မလုပ်ရန် သတိပေးထားသည်။
တစ်ချိန်တည်းမှာပင် ဂျာမနီမှ အမေရိကန်စစ်တပ်များ ရုပ် သိမ်းမည့် သတင်း ထွက်ပေါ်လာပြီးနောက်ပိုင်း အက်စတိုးနီးယား၊ လစ်သူရေးနီးယား၊ လတ်ဗီးယားနှင့် ရိုမေးနီးယားနိုင်ငံတို့ကလည်း ၎င်းတို့နိုင်ငံများတွင် အမေရိကန်စစ်တပ် ပိုမိုအခြေ စိုက်လာစေရန် ဝါရှင်တန်နှင့် အပြိုင် အဆိုင် ချဉ်းကပ်ကြိုးပမ်းခဲ့ကြကြောင်း သိရသည်။
#DonaldTrump #NATO #USNews #Poland #Germany #Geopolitics #TroopDeployment #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN