
(နိုင်ငံတကာ)မေ ၂၂
အမေရိကန်ပြည်ထောင်စုသည် အီရန်နှင့် ဖြစ်ပွားခဲ့သော စစ်ပွဲအတွက် ၎င်း၏ ခဲယမ်းမီးကျောက် သိုလှောင်မှုများကို အားဖြည့်ထိန်းသိမ်းရန် ရည်ရွယ်၍ ထိုင်ဝမ်သို့ သမိုင်းတစ် လျှောက် အကြီးမားဆုံးဖြစ်မည့် ဒေါ်လာ ၁၄ ဘီလီယံတန်ဖိုးရှိ လက်နက်ရောင်းချမှု အစီအစဉ်ကို ယာယီရပ်ဆိုင်းထားကြောင်း အမေရိကန် စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိတစ်ဦးက ထုတ်ဖော်ပြောကြားလိုက်သည်။
အမေရိကန်ရေတပ်ဆိုင်ရာ ယာယီအတွင်းရေးမှူး ဟန်းကောင်း(Hung Cao)က ကြာသပတေးနေ့ ဆီးနိတ်လွှတ် တော် ကြားနာပွဲတွင် လွှတ်တော်အမတ်များကို ယခုကဲ့သို့ အတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုကြေညာချက်သည် ပြီးခဲ့သည့်အပတ်က ပေကျင်းမြို့၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံဆွေးနွေးစဉ် အဆိုပါ ထိုင်ဝမ်လက်နက်ရောင်းချရေးကိစ္စ အဓိကဇာတ်ကောင် ဖြစ်ခဲ့ပြီးနောက် တစ်ပတ်အကြာတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ယာယီအတွင်းရေးမှူး ဟန်းကောင်းက “လောလောဆယ်မှာတော့ ကျွန်တော်တို့ရဲ့ ‘Epic Fury’ စစ်ဆင်ရေးအတွက် လိုအပ်တဲ့ ခဲယမ်းမီးကျောက်တွေ အပြည့်အဝရှိနေဖို့ သေ ချာအောင် ယာယီရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ ခဲယမ်းတွေ အများကြီးရှိပါတယ်” ဟု ဆီးနိတ်အသုံး စရိတ် ကာကွယ် ရေးဆပ်ကော်မတီသို့ ပြောကြားခဲ့သည်။ ၎င်းက ဆက်လက်၍ အမေရိကန်ဘက်တွင် အလုံးစုံအဆင် သင့်ဖြစ်စေရန် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ပြီး အစိုးရ အဖွဲ့က လိုအပ်သည်ဟု ယူဆသည့်အချိန်တွင် ထိုင်ဝမ်သို့ လက်နက်လွှဲပြောင်းမှုများကို ပြန် လည်စတင်သွားမည်ဖြစ် ကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် ဧပြီ ၈ ရက်က အမေရိကန်နှင့် အီရန်တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီးနောက် စစ်ပွဲမှာ ရပ်တန့်နေသော်လည်း နှစ်ဖက်စလုံးသည် အမြဲတမ်းငြိမ်းချမ်း ရေးစာချုပ်ကိုမူ ယနေ့အထိ မချုပ်ဆိုနိုင်သေးပေ။ အမေရိကန်လွှတ်တော်က ထိုင်ဝမ်အတွက် အဆိုပါ လက်နက်ပံ့ပိုးမှုအစီ အစဉ်ကို ပြီးခဲ့သည့် ဇန်နဝါရီလကတည်းက အတည်ပြုခဲ့သော်လည်း ရှေ့ဆက်ရန်အတွက် သမ္မတထရန့်၏ လက်မှတ်ရေးထိုးအတည်ပြုချက် လိုအပ်နေခြင်းဖြစ်သည်။ အကယ်၍ ထရန့်က အတည်ပြုခဲ့ပါက ယင်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလက အတည်ပြုခဲ့သည့် ဒေါ်လာ ၁၁ ဘီလီယံဖိုး စံချိန်တင်လက်နက်ပကေ့ချ်ထက်ပင် ပမာဏ ပိုမိုများပြားလာမည် ဖြစ်သည်။
ထိုင်ဝမ်ဝန်ကြီးချုပ် ချိုဂျွန်တိုင် (Cho Jung-tai)က သောကြာနေ့တွင် သတင်းထောက်များကို ပြောကြားရာ၌ အမေရိကန်၏ ယာယီရပ်ဆိုင်းမှု ရှိနေသော်လည်း ထိုင်ဝမ်အနေဖြင့် ၎င်းကိုယ်ကိုယ်ကာကွယ်ရန်အတွက် လက်နက်ဝယ်ယူရေးကိစ္စများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိုင်ဝမ်သတင်းဌာန FTV News အရ သိရသည်။
သို့သော်လည်း Crisis Group မှ အရှေ့မြောက်အာရှဆိုင်ရာ အဆင့်မြင့်သုတေသနပညာရှင် ဝီလျံယန် (William Yang)က ယခုကဲ့သို့ လက်နက်ရောင်းချမှု ယာယီရပ်ဆိုင်းလိုက်ခြင်းသည် ထိုင်ဝမ်အပေါ် အမေရိကန်၏ ကတိကဝတ်ပြုမှုနှင့် ပတ်သက်၍ ထိုင်ဝမ်ပြည်သူများအကြား စိုးရိမ်ပူပန်မှုနှင့် သံသယဖြစ်မှုများကို ပိုမိုဆိုးရွားစေမည်ဖြစ်ကြောင်း၊ ထို့ပြင် ထိုင်ဝမ်အစိုးရအနေဖြင့် လာမည့်ကာလများတွင် အပိုဆောင်း ကာကွယ်ရေးအသုံးစရိတ် တောင်းခံရန် ခက်ခဲသွားစေလိမ့်မည်ဟု သုံးသပ်ထားသည်။
သမ္မတထရန့်က ပြီးခဲ့သည့်အပတ်က Fox News နှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ၎င်းအနေဖြင့် ထိုင်ဝမ်လက်နက်အစီ အစဉ်ကို အတည်ပြုပေးနိုင်သလို၊ အတည်မပြုဘဲလည်း နေနိုင်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ထရန့်က ယခုလက်နက်အစီအစဉ်ကို တရုတ်နှင့် အခြားကိစ္စရပ်များ ဆွေးနွေးညှိနှိုင်းရာတွင် “အလဲအလှယ်လုပ်မည့် အချက်” (Negotiating chip) တစ်ခုအနေဖြင့် အသုံးပြုနိုင်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့ရာ၊ ယင်းသည် လက် နက်ရောင်းချမှုများနှင့် ပတ်သက်၍ ပေကျင်းအစိုးရနှင့် တိုင်ပင်ဆွေးနွေးခြင်းမပြုရန် ဆယ်စုနှစ်ပေါင်းများစွာကြာ ကျင့်သုံးလာခဲ့သည့် ဝါရှင်တန်၏ သံတမန်ရေးအစဉ် အလာကို ချိုးဖောက်ရာရောက်နေသည်။
တရုတ်နိုင်ငံသည် ထိုင်ဝမ်ကို ၎င်း၏ ပိုင်နက်နယ်မြေအဖြစ်သာ သတ်မှတ်ထားပြီး အမေရိကန်၏ ထိုင်ဝမ်အပေါ် ထောက်ပံ့မှုများကို အမြဲပြင်းထန်စွာ ကန့်ကွက်လေ့ရှိသည်။ ထို့ပြင် ယခုအပတ်အစောပိုင်းက ထရန့်က လက်နက်အရောင်းအဝယ်ကိစ္စနှင့် ပတ်သက်၍ ထိုင်ဝမ်သမ္မတ ဝီလျံ လိုင်ချင်းတယ် (William Lai Ching-te) နှင့် တိုက်ရိုက်ဖုန်းပြောရန် စဉ်းစားမည်ဟု ဆိုခဲ့သည်။ ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် လေးဆယ်စုနှစ်နီးပါးကြာ ကျင့်သုံးခဲ့သည့် သံတမန်ရေးရာ စည်းမျဉ်းများကို ချိုးဖောက်ရာရောက်မည်ဖြစ်ပြီး ဝါရှင်တန်နှင့် ပေကျင်းအကြား တင်းမာမှုများကို ပိုမိုမြင့်တက်စေမည်ဖြစ်ကြောင်း နိုင်ငံတကာ သံတမန်ရေးရာ ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။
#US_Taiwan #ArmsSale #IranWar #EpicFury #DonaldTrump #XiJinping #Geopolitics #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN