လားရှိူးမြိူ့နှင့်ညောင်ရွှေမြို့တို့တွင် စိတ်ကြွမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုဖြစ်ပွား

(မှုခင်း)မေ ၂၂

ရှမ်းပြည်နယ်၊လာရှိူးမြို့နှင့်ညောင်ရွှေမြို့တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ပြည်နယ်ရဲတပ်ဖွဲ့တို့က သီးခြားစီ စစ်ဆေးရှာဖွေမှုများ ပြုလုပ်ရာမှ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့သည်။

လားရှိုးမြို့၊ ရပ်ကွက်(၅)၊ (၅၄)လမ်းနေ အကျင်ရှောင်(၂၇ နှစ်)၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ယမန်နေ့ မေလ ၂၁ ရက် နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်က၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၆၀၀ ပြား(တန်ဖိုးငွေကျပ် ၁၃ သိန်း)၊ ဘိန်းစိမ်း ၁ ကီလို(တန်ဖိုး ၇ သိန်း)၊ ဘိန်းဖြူ ၂၆၀ ဂရမ်(တန်ဖိုး ၅၂ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ အကျင်ရှောင်အား လားရှိုးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားသည်။

အလားတူ ညောင်ရွှေမြို့နယ်၊ ပွဲစားကုန်းလယ်ပြင်ကျေးရွာအနီးတွင် မသင်္ကာဖွယ်တွေ့ရှိရသူ ဇော်လွင်ဦး(ခ)အယ်ဇော်(၄၄ နှစ်)အား မေလ ၂၀ ရက် ညနေ ၄ နာရီ ၃၀ မိနစ်အချိန်က စစ်ဆေးရှာဖွေခဲ့ရာ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား(တန်ဖိုးငွေကျပ် သိန်း ၅၀)ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ ဇော်လွင်ဦးအား ညောင်ရွှေမြို့မရဲစခန်းတွင် အဆိုပါဥပဒေဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။