မဟာအောင်မြေမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့တွင် ငွေကျပ် ၂,၇၉၀.၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

(မှုခင်း) မေ ၂၂

မန္တလေးတိုင်းဒကြီးအတွင်းရှိ မဟာအောင်မြေမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့တွင် မေလ ၁၈ရက်နေ့ ညနေ ၆နာရီ ၄၅မိနစ်အချိန်တွင် ငွေကျပ် ၂,၇၉၀.၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်၊ ၆၇(A) x ၆၈(C)ကြား၊ ၃၈ x ၃၉ လမ်းကြား၊ အောင်သပြေလမ်းနေ သက်နိုင် ၏ နေအိမ်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ ဘိန်းဖြူ အလေးချိန် ၁၀.၄၄ ကီလို(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၂,၆၁၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့‌ေကြာင်းသိရသည်။

ဆက်စပ် စစ်ဆေးဖော်ထုတ်ချက်များအရ ၇နာရီ ခွဲအချိန်တွင် အဆိုပါ မူးယစ်ဆေးဝါးများ သယ်ဆောင် ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ နေတက် အား ၎င်းနေထိုင်သည့် ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၅၃ x ၅၄ လမ်းကြား၊ ၁၁၂(F)လမ်းရှိ နေအိမ်အား ဆက်လက်ရှာဖွေရာ နေတက် အားမတွေ့ရှိဘဲ နေအိမ်အတွင်းမှ ဘိန်းဆီခဲ အလေးချိန် ၆.၅ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၁၆၂.၅ သိန်း)နှင့် ဘိန်းစိမ်း အလေးချိန် ၂ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၁၈ သိန်း)တို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့‌ေကြာင်းသိရသည်။

၎င်း တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးသူ သက်နိုင်(၃၆)နှစ်နှင့် နေတက် တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်းသိရသည်။