
(နိုင်ငံတကာ)မေ ၂၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုတို့က ကျူးဘားနိုင်ငံအပေါ် စစ်ရေးအရ ဝင်ရောက်စွက်ဖက် အရေးယူဆောင်ရွက်နိုင်ခြေရှိကြောင်း ပိုမိုပြင်းထန်သော ခြိမ်းခြောက်မှုအသစ်များကို ထုတ်ဖော်ပြောကြားလိုက်ပြီး၊ ကာရစ်ဘီယံပင်လယ်ပြင်အတွင်းသို့ အမေရိကန်စစ်အင်အားစုများကို စုရုံးစေလျက်ရှိသည်။
ကျူးဘားနိုင်ငံသည် အမေရိကန်၏ အဓိကပြိုင်ဘက်များဖြစ်ကြသော ရုရှား၊ တရုတ်နိုင်ငံတို့နှင့် လုံခြုံရေးနှင့် ထောက်လှမ်း ရေးဆိုင်ရာ တင်းကျပ်သည့် ဆက်ဆံရေးများ ရှိနေခြင်းကြောင့် အမေရိကန်အတွက် အမျိုးသားလုံခြုံရေးဆိုင်ရာ ပြင်းထန်သော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေကြောင်း ရူဘီယိုက ကြာသပတေး နေ့နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။ သမ္မတထရန့်ကလည်း အမေရိကန်သမ္မတအဆက် ဆက် ကျူးဘားကို ဝင်ရောက်စွက်ဖက်ရန် ဆယ်စုနှစ်ပေါင်းများစွာ စဉ်းစားခဲ့ကြသော်လည်း၊ ယခုအခါ ၎င်းသည် “အဲဒါကို နောက်ဆုံးမှာ အကောင်အထည်ဖော်မယ့်သူ” ဖြစ်လာမည့်ပုံရှိကြောင်းနှင့် ယင်းသို့ လုပ်ဆောင်ရမည့်အပေါ် “ဝမ်း မြောက်မိ” ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

ကျူးဘား-အမေရိကန်နွယ်ဖွားဖြစ်သူ နိုင်ငံခြားရေးဝန်ကြီး ရူဘီယို ရှေ့တန်းမှ ဦးဆောင်နေသည့် ထရန့်အစိုးရအဖွဲ့သည် ကွန်မြူနစ်ဦးဆောင်သော အဆိုပါကျွန်းနိုင်ငံ၌ “အစိုးရအပြောင်းအလဲ” (Regime change) ဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဖိအားပေးမှုများကို အရှိန်မြှင့်လုပ်ဆောင်နေ သည်။ အမေရိကန်သည် ကျူးဘားစီးပွားရေးကို ပြိုလဲလုနီးပါးဖြစ်စေခဲ့သည့် လောင်စာဆီပိတ်ဆို့မှုများကို ချမှတ်ခဲ့သည့်အပြင်၊ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကလည်း ၁၉၉၆ ခုနှစ် လေယာဉ်ပစ်ချမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ကျူးဘားသမ္မတဟောင်း ရာအူးလ် ကက်စထရို (Raul Castro)ကို တရား စွဲဆိုခဲ့သည်။
ထို့ပြင် ကြာသပတေးနေ့တွင် ကျူးဘားစစ်တပ်က ထိန်းချုပ်ထားပြီး စီးပွားရေးကဏ္ဍ အမြောက်အမြားကို ကိုင်တွယ်ထားသည့် GAESA စီးပွားရေးလုပ်ငန်းစုကြီး၏ အဆင့်မြင့်အမှု ဆောင်တစ်ဦး၏ ညီမဖြစ်သူ အာဒစ် လက်စ်ထရက်စ် မိုရီရာ (Adys Lastres Morera)အား ထပ်မံဖမ်း ဆီးခဲ့ကာ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်ခဲ့သည်။ စစ်ရေးအရ ဖိအားပေးမှုအနေဖြင့် အမေရိကန်စစ်တပ်သည် လေယာဉ်တင်သင်္ဘောတစ်စင်း အပါအဝင် စစ်သင်္ဘောအများအပြားကို လက်တင်အမေရိကရှိ မိတ်ဖက်နိုင်ငံများနှင့်အတူ ရေကြောင်းစစ်ရေးလေ့ကျင့်ရန် ခေါင်းစဉ်တပ်ကာ ကာရစ်ဘီယံပင်လယ်ပြင်အတွင်းသို့ စုရုံးစေခဲ့သည်။
နိုင်ငံရေးလေ့လာဆန်းစစ်သူများကမူ ထရန့်နှင့် ရူဘီယို တို့ သည် ပြီးခဲ့သည့် ဇန်နဝါရီလက ဗင်နီဇွဲလားနိုင်ငံတွင် စစ်ဆင် ရေးပြုလုပ်၍ လက်ဝဲဝါဒီ သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro) နှင့် ၎င်း၏ဇနီးတို့ကို ဖမ်းဆီးပြန်ပေးဆွဲကာ အမေရိကန်သို့ ခေါ်ဆောင်သွားပြီး “မူးယစ်ဆေး ဝါး အကြမ်းဖက်မှု” ဖြင့် တရားစွဲဆိုခဲ့သည့် ပုံစံအတိုင်း ကျူးဘားတွင်လည်း အလား တူ အစိုးရအပြောင်းအလဲမျိုး ပြုလုပ်ရန် မျက်စိကျနေကြကြောင်း သတိပေးထားသည်။
ရူဘီယိုက ညှိနှိုင်းဆွေးနွေးမှုဖြင့် သဘောတူညီချက်ရ ယူခြင်းမှာ အမေရိကန်၏ ရွေးချယ်မှုဖြစ်သော်လည်း ကျူးဘားနှင့် သံတမန်ရေးလမ်းစမှာ မရေရာကြောင်း၊ ကျူးဘား၏ စီးပွား ရေးစနစ်မှာ ပျက်စီးနေပြီး လက်ရှိနိုင်ငံရေးစနစ်နှင့် ပြန်ပြင်၍မရကြောင်း ဆိုသည်။ ၎င်းက “ကျူးဘားဟာ အရင်ကလို အချိန် ဆွဲပြီး ကျွန်တော်တို့ လက်လျှော့သွားမယ့်အချိန်ကို စောင့်ဆိုင်းနိုင်တော့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ အလွန်ပဲ အလေးအနက်ထားနေပါတယ်” ဟု ပြောကြားခဲ့သည်။
ယခုကဲ့သို့ အမေရိကန်၏ ခြိမ်းခြောက်မှုအပေါ် ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနို ရိုဒရီဂွက်ဇ် (Bruno Rodriguez) က “အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ ကျူးဘားနဲ့ အမေရိကန်ပြည်သူတွေရဲ့ သွေးမြေကျမှုကို ဖြစ်ပေါ်စေမယ့် စစ်ရေးအရ ကျူးကျော်မှုတစ်ရပ် ပေါ်ပေါက်လာအောင် လှုံ့ဆော်ဖို့အတွက် နောက်တစ်ကြိမ် ထပ်ပြီးတော့ လိမ်ညာပြောဆိုလိုက်တာဖြစ်ပါတယ်” ဟု ပြင်းပြင်း ထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျူးဘား၏ မိတ်ဖက်နိုင်ငံများဖြစ်ကြသော တရုတ်နှင့် ရုရှားတို့က အမေရိကန်၏ ဖိအားပေးမှုများကို ဝေဖန်ခဲ့ကြသည်။ တရုတ်နိုင်ငံက ၎င်းအနေ ဖြင့် ကျူးဘားနိုင်ငံကို ပြတ်ပြတ်သားသား ထောက်ခံကြောင်း သောကြာနေ့တွင် ပြောကြားခဲ့ပြီး၊ တင်းမာမှုများကို လျှော့ချရန်နှင့် စစ်အင်အားဖြင့် ခြိမ်းခြောက်နေမှုများကို ရပ်တန့်ရန် အမေရိကန်ကို တိုက် တွန်းခဲ့သည်။ ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စကော့ဗ် (Dmitry Peskov) ကလည်း ဘယ်လိုအခြေ အနေမျိုးမှာမဆို ယခုကဲ့သို့ အကြမ်းဖက်မှုနှင့် နီးစပ်သည့် နည်းလမ်းမျိုးများကို နိုင်ငံခေါင်းဆောင်ဟောင်း သို့မဟုတ် လက်ရှိခေါင်းဆောင်များအပေါ် မသုံးစွဲသင့်ကြောင်း သတိပေးပြောကြားခဲ့သည်။
#US_Cuba #DonaldTrump #MarcoRubio #RegimeChange #Caribbean #Geopolitics #MilitaryAction #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN