ဧရာဝတီတွင် LNG သုံး ဓာတ်အားပေးစက်ရုံနှင့် ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မည်

(စွမ်းအင်) မေ ၁၉

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရွှေသောင်ယံမြို့ မီးလင်းဂျိုင်ဒေသတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် (၁၃၉၀) မဂ္ဂါဝပ် LNG သုံး ဓာတ်အားပေးစက်ရုံနှင့် မီးလင်းဂျိုင် – ရန်ကုန် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကိုမေ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁)၌ MEE LIN GIANG ELECTRIC POWER COMPANY LIMITED မှ လာရောက်ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ကုမ္ပဏီတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ကုမ္ပဏီမှ တာဝန်ရှိသူများက မီးလင်းဂျိုင် စီမံကိန်း၏ အချက်အလက်များ၊ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုများ၊ ဒေသလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး (၁၃၉၀) မဂ္ဂါဝပ် LNG သုံးနှင့် စွန့်ပစ်အပူအသုံးပြု ဓာတ်အားပေးစက်ရုံစီမံကိန်းနှင့် ဆက်စပ်သည့် မီးလင်းဂျိုင် – ရန်ကုန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသစ် စီမံကိန်းအခြေအနေများ၊ ပိုက်လိုင်းလမ်းကြောင်းရွေးချယ်အတည်ပြုထားမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကိုလည်း တင်ပြခဲ့ကြသည်။

တင်ပြချက်များနှင့် ဌာနဆိုင်ရာများ၏ ဆွေးနွေးချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီးလုံလောက်စွာရရှိရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးတို့အတွက် အရေးကြီးသည့် စီမံကိန်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် စီမံကိန်းလုပ်ငန်းများ ပြီးစီးပါက နိုင်ငံတော်နှင့် တိုင်းဒေသကြီးအတွက် အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်းနှင့် သတ်မှတ်ကာလအတွင်း အမြန်ဆုံးပြီးစီးနိုင်ရေးအတွက် လိုအပ်သည့်အချက်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး သက်ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

#PAN