
(နိုင်ငံတကာ)မေ ၁၉
နိုင်ဂျီးရီးယားနိုင်ငံ အနောက်တောင်ပိုင်း အိုယို(Oyo) ပြည်နယ်တွင် ပြီးခဲ့သည့်အပတ် သောကြာနေ့က လက်နက် ကိုင်သေနတ်သမားများအဖွဲ့သည် စာသင် ကျောင်းများကို ပစ်မှတ်ထား၍ စနစ်တကျ ပူးပေါင်းစီးနင်းတိုက်ခိုက်ခဲ့ရာ၊ အသက် ၂ နှစ်မှ ၁၆ နှစ်ကြား ကလေးငယ်များအပါအဝင် ကျောင်းသူကျောင်းသား ၃၉ ဦးနှင့် ဆရာ၊ ဆရာမ ၇ ဦး (စုစုပေါင်း ၄၆ ဦး) ပြန်ပေးဆွဲခေါ်ဆောင်ခြင်း ခံခဲ့ရကြောင်း တာဝန်ရှိသူများနှင့် ခရစ်ယာန်အသင်းအဖွဲ့များက ထုတ်ဖော်ပြောကြားလိုက်သည်။
ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ဤတိုက်ခိုက်မှုသည် အိုရီအီရီ (Oriire) ခရိုင်၊ အာဟိုရို အီဆီနယ်လီ (Ahoro Esinele) လူမှုအသိုက်အဝန်းအတွင်းရှိ အထက်တန်း ကျောင်းတစ်ကျောင်းနှင့် မူလတန်းကျောင်းနှစ်ကျောင်းကို စနစ်တကျ အချိန်ကိုက် ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။ လက်နက်ကိုင်များသည် ယာဝိုတာ(Yawota)ရှိ နှစ်ခြင်းခရစ်ယာန် မူကြိုနှင့် မူလတန်းကျောင်းအပြင်၊ အီဆီအလီ (Esiele) ရှိ အခြားကျောင်းနှစ်ကျောင်းမှ ကလေးငယ်များနှင့် ဆရာများကို သေနတ်ပြ တိုက်ခိုက်ဖမ်းဆီးသွားခဲ့ကြသည်။
အိုယိုပြည်နယ် နိုင်ဂျီးရီးယားခရစ်ယာန်အသင်းတော်များကောင်စီ၏ ဥက္ကဋ္ဌဖြစ်သူ အီလီရှာ အိုလူကာယိုဒေ အိုဂန်ဒီယာ (Elisha Olukayode Ogundiya) က ဖမ်းဆီးခေါ်ဆောင်ခံရသူ အများစုမှာ အသက် ၂ နှစ်မှ ၁၆ နှစ်အရွယ် ကလေးသူငယ်များဖြစ်ကြောင်း အတည်ပြုထားသည်။
နိုင်ဂျီးရီးယားသမ္မတ ဘိုလာ တီနူဘူ (Bola Tinubu) က ယခုလုပ်ရပ်ကို “ရိုင်းစိုင်းရက်စက်သော လုပ်ရပ်” ဟု ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့ပြီး၊ ဖက်ဒရယ်အစိုးရအနေဖြင့် ပြည်နယ်အစိုးရနှင့် ပူးပေါင်းကာ ဓားစာခံအားလုံးကို အမြန်ဆုံး ကယ်တင်နိုင်ရန် လုပ်ဆောင်နေပြီး မကြာမီ ထူးခြားသောတိုးတက်မှု ထွက်ပေါ်လာမည်ဟု မျှော်လင့်ကြောင်း ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း ပူးပေါင်းကယ်ဆယ်ရေးလုပ်ငန်းများတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ ပြည်နယ်အုပ် ချုပ်ရေးမှူး အိုလူဆေးယီ အာဘီအိုဒန် မာကင်ဒေ (Oluseyi Abiodun Makinde)၏ ပြောကြားချက်အရ ပြန်ပေးဆွဲခံရသည့် ဆရာတစ်ဦးမှာ တနင်္ဂနွေနေ့တွင် သတ်ဖြတ်ခံခဲ့ရကြောင်း ဗီဒီယိုမှတ်တမ်းတစ်ခုအရ သိရှိရသည်။
ထို့ပြင် စစ်သားများ၊ ရဲများနှင့် ဒေသခံပြည်သူ့စစ်များ ပူးပေါင်း၍ တောနင်းရှာဖွေရာတွင် ပြန်ပေးဆွဲဂိုဏ်းက ထောင်ထားခဲ့သည့် လက်လုပ်မိုင်း (IED) များနှင့် တိုးမိပေါက်ကွဲခဲ့သဖြင့် ကယ်ဆယ်ရေးအဖွဲ့ဝင်အချို့ ဒဏ်ရာရရှိကာ ဆေးကုသမှု ခံယူနေရသည်။ လတ်တလောတွင် အဆို ပါဂိုဏ်းထံ သတင်းပေးပို့သူများနှင့် ရိက္ခာထောက်ပံ့သူများအပါအဝင် သံသယရှိသူ ၆ ဦးကို ဖမ်းဆီးထားနိုင်ခဲ့သည်။
နိုင်ဂျီးရီးယားနိုင်ငံတွင် မကြာသေးမီနှစ်များအတွင်း ရာဇဝတ်ဂိုဏ်းများနှင့် လက်နက်ကိုင်အဖွဲ့များသည် အစိုးရ ၏ လုံခြုံရေးအားနည်းချက်ကို အခွင့်ကောင်းယူကာ ငွေညှစ်ရန်အတွက် ခရီးသွားများ၊ ကျေးလက်လူထုနှင့် ကျောင်းသားများကို အစုလိုက်အပြုံလိုက် ပြန်ပေးဆွဲသည့် နည်းဗျူဟာကို ကျင့်သုံးလာကြသည်။
စာသင်ကျောင်းများသည် ငွေညှစ်ရန် အလွယ်ကူဆုံး ပစ်မှတ်များအဖြစ် မကြာခဏ တိုက်ခိုက်ခံရလေ့ရှိသော် လည်း၊ ပုံမှန်အားဖြင့် လုံခြုံရေး ပိုမိုကောင်းမွန်လေ့ရှိသည့် နိုင်ငံ၏ အနောက်တောင်ပိုင်းဒေသတွင် ယခုကဲ့သို့သော အစုလိုက်အပြုံလိုက် ပြန်ပေးဆွဲမှုမျိုး ဖြစ်ပွားခဲသဖြင့် ဒေသခံများအကြား စိုးရိမ်ထိတ်လန့်မှုများ ပိုမိုမြင့်တက်လျက်ရှိသည်။
#NigeriaKidnapping #OyoState #SchoolAttack #MassAbduction #SecurityCrisis #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN