
(နိုင်ငံတကာ)မေ ၁၉
အစ္စရေး၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံထားရသည့် ဂါဇာကမ်းမြောင်ဒေသသို့ ဦးတည်မောင်းနှင်နေသော နိုင်ငံ တကာ အရပ်သားကူညီရေး ရေယာဉ်အုပ်စုကို အစ္စရေးစစ်ဘက်က မြေထဲပင်လယ်အတွင်း ကြားဖြတ်စီးနင်းခဲ့ရာ၊ ကူညီရေးလှေအစီးပေါင်း ၄၁ စီး ဖမ်းဆီးခံခဲ့ရပြီး တက်ကြွလှုပ်ရှားသူများလည်း ဖမ်း ဆီးခေါ်ဆောင်ခြင်း ခံခဲ့ရသည်။ လက်ရှိတွင် ကျန်ရှိနေသည့် ရေယာဉ် ၁၀ စီးမှာမူ ဂါဇာသို့ ဆက်လက်ခရီးနှင်နေဆဲဖြစ်ကြောင်း သိရသည်။
ဂါဇာဒေသအပေါ် အစ္စရေး၏ နှစ်ပေါင်းများစွာ ပိတ်ဆို့ထားမှုကို စိန်ခေါ်ရန်နှင့် လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရန်အတွက် ပြီးခဲ့သည့်အပတ်က တူရကီနိုင်ငံ မာမာရစ် (Marmaris) ဆိပ်ကမ်းမြို့မှ ရေယာဉ်အစီးပေါင်း ၅၀ ကျော် စတင်ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ဆိုက်ပရပ်စ်ကမ်းလွန် နိုင်ငံတကာရေပိုင်နက်အတွင်းသို့ ရောက်ရှိချိန် တနင်္ဂနွေနှင့် တနင်္လာနေ့များတွင် အစ္စရေးရေတပ်က လမ်းကြောင်းပြောင်းရန် သတိပေးပြီးနောက် အတင်းအဓမ္မ ဝင်ရောက်စီးနင်းကာ ရေယာဉ် ၄၁ စီးကို ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။ ယခုစစ်ဆင်ရေးသည် မကြာသေးမီနှစ်များအတွင်း ဂါဇာသို့ဦးတည်လာသည့် ရေယာဉ်အုပ်စုကို ကြားဖြတ်တားဆီးသည့် အကြီးမားဆုံး အစ္စရေးရေတပ်စစ်ဆင်ရေးတစ်ခုအဖြစ် အစ္စရေးမီဒီယာများက ဖော်ပြနေကြသည်။
Global Sumud Flotilla ကူညီရေးအဖွဲ့၏ အင်္ဂါနေ့ (မေလ ၁၉ ရက်) နံနက်ပိုင်း ထုတ်ပြန်ချက်အရ ဖမ်း ဆီးမှုများကြားမှ လွတ်မြောက်ခဲ့သည့် ကျန်ရှိသော ရေယာဉ် ၁၀ စီးသည် ဂါဇာကမ်းခြေမှ ၁၂၁ ရေမိုင် (၂၂၄ ကီလိုမီတာ) ခန့်အကွာတွင် ရှိနေပြီး ဂါဇာသို့ ဆက်လက်ဦးတည်နေဆဲ ဖြစ်သည်။
ယခုလုပ်ရပ်အပေါ် တူရကီ၊ စပိန်၊ ဂျော်ဒန်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီး၊ အင်ဒိုနီးရှား၊ ကိုလံဘီယာ၊ လစ်ဗျားနှင့် မော်လ်ဒိုက်နိုင်ငံတို့မှ နိုင်ငံခြား ရေးဝန်ကြီးများက ပူးတွဲကြေညာချက်တစ်စောင် ချက်ချင်းထုတ်ပြန်ကာ ပြင်းထန်စွာ ရှုတ်ချခဲ့ကြသည်။ ဝန်ကြီးများက အစ္စရေးတပ်ဖွဲ့များ၏ အရပ် သားများအပေါ် အကြမ်းဖက်စီးနင်းမှုသည် “နိုင်ငံ တကာဥပဒေနှင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ပြောင်ပြောင်တင်း တင်း ချိုးဖောက်ခြင်းဖြစ်သည်” ဟု ပူးတွဲစွပ်စွဲလိုက်ပြီး၊ ဖမ်းဆီးထားသည့် တက်ကြွလှုပ်ရှားသူအားလုံးကို ချက် ချင်းပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။
အစ္စရေးအစိုးရကမူ ၂၀၀၇ ခုနှစ်ကတည်းက ဟားမတ်စ်အဖွဲ့ထံ လက်နက်များ မရောက်ရှိစေရန် ဂါဇာကို ပိတ်ဆို့ထားရခြင်းဖြစ်ကြောင်း အကြောင်းပြနေသော် လည်း၊ နိုင်ငံ တကာလူ့အခွင့်အရေးအဖွဲ့များကမူ ဤပိတ်ဆို့မှုသည် ဂါဇာရှိ သန်းနှင့်ချီသော အရပ်သားပြည်သူများအပေါ် ရည်ရွယ် ချက်ရှိရှိ ဒုက္ခပေးသည့် ‘အစုအဖွဲ့လိုက် ပြစ်ဒဏ်ခတ်ခြင်း’ (Collective punishment)သာဖြစ်ကြောင်း အစဉ်တစိုက် ဝေဖန်ထောက်ပြလျက်ရှိပါသည်။
#GazaFlotilla #IsraelNavy #GlobalSumudFlotilla #IrelandPresident #InternationalLaw #MiddleEastCrisis #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN