
(နိုင်ငံတကာ)မေ ၁၆
ဒီမိုကရက်တစ်ကွန်ဂိုသမ္မတနိုင်ငံ(DRC) အရှေ့ မြောက်ပိုင်းတွင် အီဘိုလာ (Ebola) ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုအသစ်တစ်ခု ဆိုးရွားစွာ ပေါ်ပေါက်လာခြင်းကြောင့် အာဖရိကနှင့် ကမ္ဘာ့ကျန်းမာရေးတာဝန်ရှိသူ များက အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြသည်။
အာဖရိကတိုက်၏ ထိပ်တန်းပြည်သူ့ကျန်းမာရေးအဖွဲ့အစည်းဖြစ်သော အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာ ကွယ်ရေးစင်တာ (Africa CDC)၏ သောကြာ နေ့ ထုတ်ပြန်ချက်အရ ကွန်ဂိုနိုင်ငံ အရှေ့မြောက်ပိုင်း အီတူရီ (Ituri) ပြည်နယ်တွင် အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရဖွယ်ရှိသူ ၂၄၆ ဦးနှင့် သေဆုံးသူ ၆၅ ဦးအထိ ရှိလာပြီ ဖြစ်သည်။
ကနဦးစစ်ဆေးခဲ့သည့် နမူနာ ၂၀ အနက် ၁၃ ခုတွင် အီဘိုလာဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း အတည်ပြုထားပြီး၊ အတည်ပြုလူနာများအနက် ၄ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။ အီတူရီပြည်နယ်၏ မြို့တော် ဘူနီယာ (Bunia)တွင်လည်း ကူးစက်ခံရဖွယ်ရှိသူများကို ထပ်မံတွေ့ရှိထားသည်။
ကွန်ဂိုနိုင်ငံက ရောဂါပိုးကူးစက်မှုကို ကြေညာပြီး နာရီပိုင်းအကြာမှာပင် အိမ်နီးချင်း ယူဂန်ဒါနိုင်ငံ၌ ကွန်ဂိုနိုင်ငံမှ ခရီးသွားလာခဲ့သူ ကွန်ဂိုအမျိုးသားတစ်ဦး မြို့တော် ကမ်ပါလာ(Kampala)တွင် သေဆုံးသွားခဲ့ကြောင်း ယူဂန်ဒါကျန်းမာရေးဝန်ကြီးဌာနက အတည် ပြုခဲ့သည်။ လက်ရှိတွင် ယူဂန်ဒါနိုင်ငံအတွင်း ဒေသတွင်း ကူးစက်မှု (Locally transmitted case)ကိုမူ မတွေ့ရှိရသေးပေ။
ယခုတစ်ကြိမ် အီဘိုလာဗိုင်းရပ်စ် ထိန်းချုပ်ရေးလုပ်ငန်းများကို အဓိက အဟန့်အတားဖြစ်စေသည့်အချက်မှာ အီတူရီပြည်နယ်၏ မတည်ငြိမ်သော လုံခြုံရေးအခြေအနေကြောင့် ဖြစ်သည်။ ကွန်ဂိုနိုင်ငံအရှေ့ပိုင်းသည် တန်ဖိုးကြီးသတ္တုတွင်းများကို ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် လက် နက်ကိုင်သူပုန်အဖွဲ့များကြောင့် ဆယ်စုနှစ်ပေါင်းများစွာ ကမောက် ကမဖြစ်နေပြီး၊ ပြီးခဲ့သည့်သီတင်းပတ်ကပင် သူပုန်များ၏ တိုက်ခိုက်မှုကြောင့် အီတူရီ၌ လူ ၆၉ ဦး သေဆုံးခဲ့သည်။
အီတူရီပြည်နယ်သည် မြို့တော် ကင်ရှာဆာနှင့် ကီလိုမီ တာ ၁,၀၀၀ ကျော် ဝေးလံခေါင်သီပြီး လမ်း ပန်းဆက်သွယ်ရေး အလွန်ညံ့ဖျင်းသဖြင့် ကျန်းမာရေးအကူအညီများ ပေးရန် ခက်ခဲလျက်ရှိသည်။
အီဘိုလာဗိုင်းရပ်စ်သည် လူဦးရေရွှေ့ပြောင်းမှုများကြောင့် နယ်စပ်ဖြတ်ကျော်ကာ လျင်မြန်စွာ ပြန့်နှံ့သွားနိုင် ခြေရှိသဖြင့် Africa CDC သည် ကွန်ဂို၊ ယူဂန်ဒါ၊ တောင်ဆူဒန်နိုင်ငံတို့မှ ကျန်းမာရေးတာဝန်ရှိသူများ၊ ကုလသမဂ္ဂအေဂျင်စီများနှင့်အတူ အရေးပေါ် အဆင့်မြင့်အစည်းအဝေးတစ်ရပ်ကို ခေါ်ယူကျင်းပနေသည်။
တစ်ဖက်တွင်လည်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (US CDC)၏ ယာယီညွှန်ကြားရေးမှူး ဂျေးဘတ်တာချာရီယာ (Jay Bhattacharya)က ကွန်ဂိုနှင့် ယူဂန်ဒါအစိုးရများထံ နည်းပညာပိုင်းဆိုင်ရာ အကူအညီများနှင့် ခြေရာခံခြင်းလုပ်ငန်းများကို နီးကပ်စွာ ပံ့ပိုးပေးနေကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ယခုတစ်ကြိမ် ကူးစက်မှုသည် ကွန်ဂိုနိုင်ငံတွင် လူပေါင်း ၄၃ ဦး သေဆုံးခဲ့သည့် ပြီးခဲ့သော အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုကြီး ပြီးဆုံးကြောင်း ကြေညာခဲ့ပြီး ၅ လခန့်အကြာတွင် တစ်ကျော့ပြန် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
#EbolaOutbreak #DRCongo #Uganda #AfricaCDC #PublicHealth #BreakingNews #PositiveAngleNews #GlobalHealth🚨
Telegram»…
https://t.me/positiveanglenews
#PAN