
(နိုင်ငံတကာသတင်းဆောင်းပါး)မေ ၁၆
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ပေကျင်းသို့ မလာရောက်မီ သီတင်းပတ်များစွာကတည်းက ၎င်း၏ အစိုးရအဖွဲ့သည် ဝါရှင်တန်နှင့် တီဟီရန်တို့အကြား ငြိမ်းချမ်းရေးရရှိရန် ဆွေးနွေးမှုများတွင် တရုတ်နိုင်ငံအနေဖြင့် အီရန်အပေါ် ဖိအားပေးကူညီရန် တိုက်တွန်းခဲ့သည်။
သို့သော်လည်း သမ္မတထရန့်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီးနောက် ပေကျင်းမြို့တွင် ၄၀ နာရီကျော် ကြာမြင့်ခဲ့သည့် ခရီးစဉ်ကို အဆုံးသတ်ကာ သောကြာနေ့မွန်းလွဲပိုင်းတွင် Air Force One လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ရာ၊ အီရန်အပေါ် ဆင်နွှဲနေသည့်စစ်ပွဲကို မည်သို့အဆုံး သတ်မည်ဆိုသည့်အချက်တွင် ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံအကြား သဘောတူညီချက်တစ်စုံ တစ်ရာ ရရှိခဲ့သည့် အထောက်အထား မတွေ့ရပေ။ တစ်ဖက်တွင်လည်း အဆိုပါစစ်ပွဲသည် ယခုအခါ ၇၇ ရက်မြောက်နေ့သို့ ရောက်ရှိလာပြီဖြစ်သည်။
ထရန့်-ရှီ ထိပ်သီးအစည်းအဝေးအတွင်း စစ်ပွဲနှင့် ပတ် သက်၍ နှစ်ဖက်စလုံး၏ ပြောကြားချက်များ၊ မည်သည့်အချက်များ ကွဲလွဲနေသလဲဆိုသည်နှင့် အရှေ့အလယ်ပိုင်းပဋိပက္ခ အဆုံးသတ်ရေး ကြိုးပမ်းမှုများ မည်သည့်အခြေ အနေသို့ ရောက်ရှိနေသလဲဆိုသည်ကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါ သည်။
စစ်ပွဲနှင့်ပတ်သက်၍ တရုတ်နိုင်ငံက ဘာပြောခဲ့သလဲ
အီရန်၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ ဝါရှင်တန်နှင့် တီဟီရန်တို့ ဆွေးနွေးနေစဉ်အတွင်း ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ် စတင်တိုက်ခိုက်ခဲ့ရာမှ အီရန်စစ်ပွဲ စတင်ခဲ့ခြင်းဖြစ်သည်။ အီရန်ကလည်း ထိုနေ့မှာပင် အစ္စရေးရှိ ပစ်မှတ်များအပြင် ဘာရိန်း၊ ကူဝိတ်၊ ဆော်ဒီအာရေးဗီးယား၊ ကာတာနှင့် ယူအေအီးရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို ဒုံးကျည်နှင့် ဒရုန်းများဖြင့် ဒေသအနှံ့ ပြန်လည်တိုက်ခိုက်ခဲ့သည်။

ထရန့်အစိုးရကမူ ဤစစ်ပွဲသည် အီရန်အနေဖြင့် နျူက လီးယားလက်နက် မပိုင်ဆိုင်စေရန် တားဆီးခြင်းဖြစ်၍ တရားမျှတမှုရှိကြောင်း အခိုင်အမာဆိုသော်လည်း တီဟီရန် ဘက်ကမူ ၎င်းတို့တွင် နျူက လီးယားလက်နက် ထုတ် လုပ်ရန် ရည်ရွယ်ချက်မရှိကြောင်း လူသိရှင်ကြား အကြိမ် ကြိမ် ငြင်းဆိုထား သည်။
စစ်ပွဲကို ယခင်ကတည်းက ရှုတ်ချခဲ့သော တရုတ်နိုင်ငံသည် ထရန့် ပေကျင်းသို့ ရောက်ရှိနေစဉ်အတွင်း ထုတ်ပြန်သည့် ကြေညာချက်တွင် ၎င်းတို့၏ ကန့် ကွက်မှုကို ထပ် လောင်း အတည်ပြုခဲ့သည်။
“အီရန်အခြေအနေအပေါ် တရုတ်နိုင်ငံရဲ့ ရပ်တည် ချက်က အလွန်ရှင်းလင်းပါတယ်။ ဒီပဋိပက္ခဟာ အီရန်ပြည်သူတွေနဲ့ ဒေသတွင်းနိုင်ငံက ပြည်သူတွေအပေါ် ပြင်းထန်တဲ့ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်း၏ Xအကောင့် မှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။
အစိုးရ၏ ကိန်းဂဏန်းများအရ စစ်ပွဲကာလအတွင်း အီရန်နိုင်ငံသား ၃,၀၀၀ ကျော် သေဆုံးခဲ့ပြီဖြစ်သည်။
”ဒီအခြေအနေကို စောစီးစွာ ဖြေရှင်းနိုင်မယ့် နည်းလမ်းရှာဖွေခြင်းဟာ အမေရိကန်နဲ့ အီရန်အတွက်တင်မကဘဲ ဒေသတွင်းနိုင်ငံတွေနဲ့ တစ်ကမ္ဘာလုံးရဲ့ အကျိုး စီးပွားအတွက်လည်း ဖြစ်ပါတယ်” ဟု တရုတ်၏ ကြေ ညာချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ပါကစ္စတန်က ကြားဝင်စေ့စပ်ပေးနေသည့် အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုများကို တရုတ်နိုင်ငံက ကြိုဆိုကြောင်းနှင့် ဆွေးနွေးအဖြေရှာခြင်းသည်သာ ရှေ့ဆက်ရမည့် လမ်းစဉ်ဖြစ်သည်ဟု ယုံကြည်ကြောင်း ဖော်ပြထား သည်။ “အမြန်ဆုံးနဲ့ ရေရှည်တည်တံ့တဲ့ အပစ်အခတ်ရပ်စဲရေး ရရှိဖို့က အရေးကြီးပါတယ်” ဟုလည်း ဖြည့်စွက်ထား သည်။
သမ္မတရှီကျင့်ဖျင်က ယခင်က တင်ပြခဲ့ဖူးသည့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဆိုင်ရာ အချက် ၄ ချက်ပါ အစီအစဉ်ကိုလည်း အဆိုပါကြေညာ ချက်တွင် ရည်ညွှန်းထားပြီး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ နိုင်ငံရေးအရ ညှိနှိုင်းအဖြေရှာရေး၊ လုံခြုံရေးကို အတူတကွ ဖော်ဆောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံသည့် ပူးပေါင်းဆောင် ရွက်ရေးတို့ကို တောင်းဆိုခဲ့သည်။ တရုတ်နိုင်ငံအနေ ဖြင့် ဤအစီအစဉ်အတိုင်း ဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းဖော်ပြထား သည်။
ဟော်မုဇ်ရေလက်ကြားနှင့်ပတ်သက်၍ နှစ်ဖက်စလုံးက ဘာပြောခဲ့သလဲ
အိမ်ဖြူတော်က ကြာသပတေးနေ့တွင် ၎င်း၏ X အကောင့်မှတစ်ဆင့် ထုတ်ပြန်သည့် ကြေညာချက်တွင် “စွမ်း အင်ကဏ္ဍ လွတ်လပ်စွာ စီးဆင်းနိုင်မှုကို အထောက်အကူပြုရန် ဟော်မုဇ်ရေလက်ကြား(Strait of Hormuz)ကို ဆက် လက်ဖွင့်လှစ်ထားရမည်ဆိုသည့်အချက်ကို နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြသည်” ဟု ဖော်ပြထားသည်။
မတ်လအစောပိုင်းကတည်းက အီရန်သည် ပင်လယ်ကွေ့ ရေနံထုတ်လုပ်သည့်နိုင်ငံများကို ပင်လယ်ပြင်နှင့် ဆက်သွယ်ပေးထားသော အဆိုပါ ရေလက်ကြားမှတစ်ဆင့် သင်္ဘောသွားလာမှုကို ကန့် သတ်ထားသည်။ စစ်မက်မဖြစ် ပွားမီက ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ (LNG) ထောက်ပံ့မှု၏ ၂၀ ရာခိုင်နှုန်းမှာ ဤရေလက်ကြားကို ဖြတ်သန်းခဲ့ရခြင်းဖြစ်သည်။ လက်ရှိတွင် အီရန်သည် ရွေးချယ်ထားသော အချို့နိုင်ငံများမှ သင်္ဘောများကိုသာ ဖြတ်သန်းခွင့်ပြုထားပြီး၊ အဆိုပါသင်္ဘောများသည် အီရန်တော်လှန်ရေးအစောင့်တပ်(IRGC)နှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဟု သတ် မှတ်ထားသည်။
စစ်ပွဲရပ်တန့်ရေးအတွက် အီရန်၏ ယခင်တင်ပြချက်များတွင် ရေလက်ကြားကို ဖြတ်သန်းမည့် သင်္ဘောများထံမှ ဖြတ်သန်းခခောက်ယူရန် အဆိုပြုထားသော်လည်း ဝါရှင်တန်က ယင်းကို အကြိမ်ကြိမ် ငြင်းပယ်ခဲ့သည်။ ဧပြီလတွင် အမေရိကန်က အီရန်ဆိပ်ကမ်းများသို့ ဝင်ထွက်သည့် သင်္ဘောများကို ရေကြောင်းပိတ်ဆို့မှု (Naval blockade) ပြုလုပ်မည်ဟု ကြေညာခဲ့ခြင်းကြောင့် ကမ္ဘာ့ရေနံနှင့် ဓာတ် ငွေ့ထောက်ပံ့မှုမှာ ပိုမိုပြတ်တောက်ခဲ့ရသည်။
အိမ်ဖြူတော်၏ ကြေညာချက်တွင် “သမ္မတရှီက ရေ လက်ကြားကို စစ်ရေးအရ အသုံးချခြင်းနှင့် ဖြတ်သန်းခကောက်ခံရန် ကြိုးပမ်းမှုမှန်သမျှကို တရုတ်နိုင်ငံအနေဖြင့် ကန့်ကွက်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ အနာဂတ်တွင် ရေလက်ကြားအပေါ် မှီခိုနေရမှုကို လျှော့ချရန် အမေရိကန်ရေနံများကို ပိုမိုဝယ်ယူရန် စိတ်ဝင်စားကြောင်း ပြောကြားခဲ့သည်” ဟု ထည့်သွင်းဖော်ပြထားသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်တွင်မူ “ဤပဋိပက္ခသည် ကမ္ဘာ့စီးပွားရေးတိုးတက်မှု၊ ထောက်ပံ့ရေးကွင်းဆက်၊ နိုင်ငံတကာကုန်သွယ်မှုစနစ်နှင့် ကမ္ဘာ့စွမ်း အင်ထောက်ပံ့မှု တည်ငြိမ်ရေးတို့အပေါ် များစွာဖိစီးမှုဖြစ်စေပြီး နိုင်ငံတကာအသိုက်အဝန်း၏ ဘုံအကျိုးစီးပွားကို ထိ ခိုက်စေသည်” ဟု ဝန်ခံထားသော်လည်း၊ အီရန်၏ ဖြတ် သန်းခကောက်ခံမှု သို့မဟုတ် ရေလက်ကြားကို စစ်ရေးအရ အသုံးချမှုများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။
အီရန်၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ ဘာပြောခဲ့သလဲ
“အီရန်အနေနဲ့ နျူကလီးယားလက်နက် လုံးဝမပိုင် ဆိုင်စေရဘူးဆိုတဲ့ အချက်အပေါ် နှစ်နိုင်ငံလုံးက သဘောတူညီခဲ့ကြပါတယ်” ဟု အိမ်ဖြူတော်က ဆို သည်။
တရုတ်၏ ကြေညာချက်တွင်မူ အီရန်က နျူကလီး ယားလက်နက် မပိုင်ဆိုင်သင့်ကြောင်း တိုက်ရိုက်ဖော် ပြထားခြင်း မရှိပေ။ ယင်းအစား “အခြေအနေကို တည်ငြိမ်အောင် ထိန်း သိမ်းရန်၊ နိုင်ငံရေးအရ ညှိနှိုင်းအဖြေရှာသည့် လမ်း ကြောင်းအတိုင်း ဆက်လက်သွားရန်၊ ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ရန်နှင့် အဖွဲ့အစည်းအားလုံး၏ စိုးရိမ်ပူပန်မှုများကို ထည့်သွင်းစဉ်းစားသော အီရန်နျူကလီးယားပြဿနာနှင့် အခြားကိစ္စရပ်များအတွက် သဘောတူညီချက်တစ်ရပ် ရရှိရန်မှာ အရေးကြီးသည်” ဟုသာ ဖော်ပြထားသည်။
အီရန်သည် နျူကလီးယားလက်နက် ထုတ်လုပ်ရန် ရည် ရွယ်ချက်ရှိကြောင်း တရားဝင် ဘယ်သောအခါမှ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။ အီရန်တွင် လက် ရှိ၌ ၆၀ ရာခိုင် နှုန်းအထိ သန့်စင်ထားသော ယူရေနီယံ ၄၄၀ ကီလိုဂရမ် (၉၇၀ ပေါင်)ခန့် ရှိသည်ဟု ယူဆရပြီး၊ နျူကလီးယားလက် နက် ထုတ်လုပ်ရန်အတွက် ၉၀ ရာခိုင်နှုန်းအထိ သန့်စင်ထားသော ယူရေနီယံ လိုအပ်မည်ဖြစ်သည်။
နှစ်ဖက်စလုံးက ထုတ်ပြန်ခဲ့သည့် ကြေညာချက်များအရ အနှစ်သာရအားဖြင့် အီရန်အရေးနှင့် ပတ် သက်၍ မည်သည့်ဘက်ကမျှ ၎င်းတို့၏ မူလရပ်တည် ချက်များမှ လျှော့ ပေးခဲ့ခြင်း မရှိကြောင်း ဖော်ပြနေ သည်။ တရုတ်နိုင်ငံက သမ္မတရှီ၏ အချက် ၄ ချက်ပါ အစီအစဉ်ကိုသာ ဆက်လက်ဆုပ်ကိုင်သွားမည်ဖြစ် ကြောင်း ရှင်းလင်းစွာ ပြောကြားခဲ့ပြီး၊ အမေရိကန်ကလည်း အီရန်၏ နျူကလီးယားအစီအစဉ်အပေါ် ၎င်းတို့၏ ကန့်ကွက်မှုကို ထပ်လောင်းအတည်ပြုခဲ့သည်။
အမေရိကန် ခေါင်းဆောင်များ၏ လူသိရှင်ကြား ပြောဆိုချက်များကို ကြည့်လျှင် ယခုရလဒ်သည် အမေရိကန် လို လားသည့် အခြေအနေမျိုး မဟုတ်သည်ကို တွေ့ရသည်။ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရန် အီရန်ကို စည်းရုံးရာတွင် တရုတ်နိုင်ငံအနေဖြင့် ပိုမိုတက်ကြွသော အခန်းကဏ္ဍမှ ပါ ဝင်လာရန် သီတင်းပတ်ပေါင်းများစွာ တိုက်တွန်းခဲ့ပြီးနောက်၊ ထိပ်သီးအစည်းအဝေး မတိုင်မီ ရက်ပိုင်းအလိုမှာပင် ထရန့်အစိုးရ တာဝန်ရှိသူများက ပေကျင်း၏ အကူအညီကို သူတို့ မလိုအပ်ကြောင်း ပြောင်းလဲပြောဆိုခဲ့ကြသည်။
အင်္ဂါနေ့က သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ထရန့်က “အီရန်ကိစ္စမှာ ဘယ်သူ့အကူအညီမှ လိုမယ်လို့ ကျွန်တော် မထင်ဘူး” ဟု ပြောကြားခဲ့ပြီး၊ စစ်ပွဲကို “တစ်နည်းမဟုတ် တစ်နည်း” ဖြင့် အမေရိကန်က အနိုင်ရမည်ဟု ဆိုခဲ့သည်။ ထိုနေ့မှာပင် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် (Pete Hegseth) က လွှတ်တော်တွင်း ကြားနာပွဲ၌ အီရန်အပေါ် တရုတ်တွင် “သြဇာလွှမ်းမိုးမှု အများအပြား” ရှိနေကြောင်း ထွက်ဆိုခဲ့သည်။ သို့သော် လည်း “အကြီးမားဆုံးသော သြဇာလွှမ်းမိုးမှုမှာ သမ္မတထရန့်၏ လက်ထဲတွင်သာ ရှိသည်ဟု ကျွန်တော် ထင်မြင်ပါ သည်” ဟု ၎င်းက ဝန်ခံခဲ့သည်။
သို့သော် ထိပ်သီးအစည်းအဝေး မတိုင်မီနှင့် အစည်း အဝေး ကျင်းပနေစဉ်အတွင်း အခြားသော ထရန့်အစိုးရ အဆင့်မြင့်အရာရှိများကမူ တရုတ်နိုင်ငံထံမှ အကူအညီရယူရန် ပိုမိုတိုက်ရိုက်ကျသော တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။
“အီရန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ရေလက်ကြား ပိတ်သွားခဲ့ရတယ်။ ကျွန်တော်တို့က ဒါကို ပြန်ဖွင့်နေတာပါ။ ဒါကြောင့် ဒီနိုင်ငံတကာ စစ်ဆင်ရေးကို ထောက်ခံတဲ့နေရာမှာ တရုတ်နိုင်ငံအနေနဲ့ ကျွန်တော်တို့နဲ့ ပူးပေါင်းဖို့ တိုက်တွန်းချင်ပါတယ်” ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘဲဆင့် (Scott Bessent) က ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့သည်။
ကြာသပတေးနေ့က တရုတ်နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (Marco Rubio)ကလည်း ဝါရှင်တန်အနေဖြင့် ပေကျင်းကို ယခုထက် ပိုမိုလုပ်ဆောင်လာရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သလို၊ တစ်ဖက်တွင်လည်း အမေရိကန်အနေဖြင့် တရုတ်၏ အကူအညီကို မလိုအပ်ကြောင်း အခိုင်အမာ ဆိုခဲ့သည်။
တရုတ်နိုင်ငံသည် စွမ်းအင်တင်သွင်းရန် ဟော်မုဇ်ရေ လက်ကြားအပေါ် မှီခိုနေရသည်ကို ရည်ညွှန်းလျက် “ဒါကို ဖြေရှင်းဖို့က သူတို့ရဲ့ အကျိုးစီးပွားအတွက်ပါပဲ” ဟု ရူဘီယိုက ဆိုသည်။ “ပါရှန်းပင်လယ်ကွေ့မှာ အီရန် အခုလုပ်နေတာတွေနဲ့ လုပ်ဖို့ကြိုးစားနေတာတွေကို ရပ်တန့်သွားအောင် တရုတ်က ပိုပြီး တက်တက်ကြွကြွ ပါဝင်လာဖို့ သူတို့ကို စည်းရုံးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
(Al Jazeera သတင်းဌာနမှ Sarah Shamim ၏ How Xi-Trump summit failed to yield Iran war breakthrough
သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါ သည်။)
#TrumpXiSummit #IranWar #Beijing #USChinaRelations #StraitOfHormuz #InternationalNews #PositiveAngleNews #BreakingNews #GlobalPolitics
Telegram»…
https://t.me/positiveanglenews
#PAN