
(မှုခင်း) မေ ၁၄
ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်တွင် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးအား မိထွေးဖြစ်သူက သတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မေလ ၁၂ ရက်၊ မွန်းလွဲပိုင်းအချိန်က ရွှေတောင်ရပ်ကွက်၊ နယ်မြေ (၁) ကျောက်ရေအိုးလမ်းတွင် အိမ်ငှားနေထိုင်သည့် ဒေါ်သန္တာဝေသည် ခင်ပွန်းဖြစ်သူဦးကျော်စိုးဦး အလုပ်သွားနေစဉ် ခင်ပွန်း၏ ယခင် ဇနီးသည်နှင့် ရရှိခဲ့သည့် အသက် ၄ နှစ်အရွယ် ကလေးငယ်အား အိပ်ရန်အတွက် ချော့သိပ်ရာ ကလေးမှာ အိပ်စက်ခြင်းမပြုဘဲ အော်ဟစ်ငိုယိုနေသည့်အတွက် ဝါးခြမ်းပြားဖြင့် ၃ ချက်ခန့် ရိုက်နှက်ခဲ့ပြီး လည်ပင်းအား လက်ဖြင့်ညှစ်ခဲ့ရာ ကလေးငယ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကလေးငယ်၏ ရုပ်အလောင်းအား အဖြူရောင် ဆာလာအိတ်အတွင်း ထည့်ပြီး နေအိမ် အိပ်ခန်းအတွင်းရှိ အဝတ်အစားများ ထည့်သည့် ကော်ပုံး အတွင်းသို့ ထည့်ကာ သွားရောက်စွန့်ပစ် ဖျောက်ဖျက်ရန် စီစဉ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် အိမ်ရှင်ဖြစ်သူသည် ကလေးငယ်အား တွေ့မြင်ခြင်းမရှိသဖြင့် မေးမြန်းရာ ဒေါ်သန္တာဝေမှာ အတိအကျ ပြောဆိုနိုင်ခြင်း မရှိသဖြင့် အိမ်ရှင်မှ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်တိုင်ကြားခဲ့ကြောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဦးကျော်စိုးဦး နှင့် ဒေါ်သန္တာဝေတို့ ၂ ဦးအား ရပ်ကွက်ရုံးသို့ ခေါ်ယူမေးမြန်းစစ်ဆေးရာမှ လူသတ်မှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကလေးငယ်အား သတ်ဖြတ်ကာ အလောင်းဖျောက်ဖျက်ရန် စီစဉ်ခဲ့သူ သန္တာဝေအား ဥပဒေအရ အရေးယူ ပေးရန် ကလေးငယ်၏ မွေးစားမိခင်ဖြစ်သူ အိမ်ရှင်အမျိုးသမီးက တောင်ကြီးမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းသဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၀၁ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခင်မေလ ၄ ရက်၊ ညပိုင်းကလည်း တောင်ကြီးမြို့ Peter ဘားဆိုင်ပိုင်ရှင်မှ ဆိုင်ဝန်ထမ်း အသက်၁၄နှစ်အရွယ်အမျိုးသမီးငယ်အား စားသောက်ဆိုင်အတွင်း လာရောက်စားသောက်သည့် ဧည့်သည်မှ မုန့်ဖိုးပေးအပ်ခဲ့သည်ကို ၎င်းအား ပြောပြမှုမရှိခြင်းကြောင့် ဟုဆိုကာ ထိုးကြိတ်၊ ရိုက်နှက် ညှဉ်းပန်းခြင်းများ ပြုလုပ်ခဲ့ရာမှ အမျိုးသမီးငယ်မှာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး အလောင်းဖျောက်ဖျက်ရန် စီစဥ်နေစဥ် အနီးဝန်းကျင်ရှိိ ဒေသခံများ၏ သတင်းပေးမှုကြောင့် အမှုမှန်ပေါ်ပေါက်ခဲ့သည်။