ဘိုကလေးမြို့နယ်တွင် အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်လှစ်

(ပညာရေး/အသက်မွေးဝမ်းကျောင်း) မေ ၁၅

ဘိုကလေးမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ဘိုကလေးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (အမှတ် ၁) ဦးလှဌေး တက်ရောက်ခဲ့သည်။

မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်က အခမ်းအနားကို မိတ်ဆက်ပြောကြားခဲ့ပြီး ဦးလှဌေးက စက်ချုပ်လုပ်ငန်းသည် လက်ရှိကာလတွင် ဝင်ငွေရရှိနိုင်သည့် အလုပ်အကိုင်တစ်ခုဖြစ်ကြောင်း၊ မိမိနေအိမ်တွင်ပင် လုပ်ကိုင်နိုင်ပြီး ခေတ်နှင့်အညီ တီထွင်ဖန်တီးနိုင်ပါက ရေရှည်ရပ်တည်နိုင်သည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။

ထို့နောက် သင်တန်းတာဝန်ရှိ လူမှုဝန်ထမ်းဆရာမက သင်တန်းသူများအနေဖြင့် သင်တန်းကာလအတွင်း ကျွမ်းကျင်မှုရရှိအောင် ကြိုးစားသင်ယူရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။