ဖလူး၊ မင်းလက်ပံဒေသက အောင်ပွဲရစစ်သည်တွေ ရှေ့တန်းပြန်

(ပြည်တွင်း) မေ ၁၅

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဖလူး၊ မင်းလက်ပံဒေသတစ်ဝိုက်မှာ စစ်ဆင်ရေးနဲ့ နယ်မြေလုံခြုံရေး တာဝန်တွေကို ထမ်းဆောင်ခဲ့တဲ့ မြန်မာ့တပ်မတော်သားတွေဟာ အောင်ပွဲတွေနဲ့အတူ ရှေ့တန်းပြန်လာခဲ့ပြီ ဖြစ်ပါတယ်။

ရှေ့တန်းပြန်လာတဲ့ အောင်ပွဲရစစ်သည်တွေကို မေလ ၁၄ ရက်နေ့ မနေ့က မနက်ပိုင်းက ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်က နယ်မြေခံတပ်ရင်းမှာ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ တပ်မတော်ပိုင်း မြဝတီသတင်းဌာနက သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

စစ်သည်တွေကြိုဆိုပွဲကို အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်သူရဇော်လွင်စိုးနဲ့ တာဝန်ရှိသူတွေ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်တွေ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတိုင်းရင်းသားပြည်သူတွေ ပါဝင်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ တပ်မတော်သားတွေဟာ တိုင်းနဲ့ ပြည်နယ်တွေက တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနဲ့ အသက်အိုးအိမ် စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းရေးအတွက် ရှေ့တန်းစစ်မျက်နှာတွေမှာ စစ်ဆင်ရေးတာဝန်တွေကို လုပ်ဆောင်ခဲ့ရတာဖြစ်တယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။

ရှေ့တန်းပြန်တပ်မတော်သားတွေအား ရတခတိုင်းမှူးနဲ့ တက်ရောက်လာကြသူတွေက အောင်သပြေခက်တွေနဲ့ လည်းကောင်း၊ တိုင်းရင်းသားရိုးရာ အတီး၊ အမှုတ်၊ အက၊ အခုန်တွေနဲ့လည်းကောင်း သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့ကြပြီး တိုင်းမှူးက အောင်ပွဲရ ရှေ့တန်းပြန်တပ်မတော်သားတွေအတွက် ဂုဏ်ပြုအမှာစကားပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေတွေကိုလည်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။