
(နိုင်ငံတကာ)မေ ၁၅
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ကျင်းပနေသည့် BRICS နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အီရန်နိုင်ငံ ခြားရေးဝန်ကြီး အဘတ်စ် အာရတ်ဂ်ချီက အမေရိကန်နှင့် အစ္စရေးတို့၏ အပြည်ပြည်ဆိုင်ရာ ဥပဒေချိုးဖောက်မှုများကို ရှုတ်ချကြရန် အဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်းလိုက်သည်။
ကြာသပတေးနေ့က ပြုလုပ်သော ဆွေးနွေးပွဲတွင် အာရတ်ဂ်ချီက အမေရိကန်၏ မဟာမိတ်ဖြစ်သော ယူအေအီး (UAE)နိုင်ငံသည် အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်မှုများ ၌ တိုက်ရိုက်ပါဝင်ပတ်သက်နေကြောင်း စွပ်စွဲခဲ့သည်။ ယခုတွေ့ဆုံမှုသည် ဖေဖော်ဝါရီ လနှောင်းပိုင်းတွင် အမေရိကန်-အစ္စရေးတို့၏ အီရန်အပေါ် စစ်ပွဲစတင်ပြီးနောက်ပိုင်း အီရန်နှင့် ယူအေအီး အရာရှိများ တစ်ခန်းတည်းတွင် ပထမဆုံးအကြိမ် ဆုံတွေ့ခြင်းလည်း ဖြစ်သည်။
အီရန်နိုင်ငံသည် “တရားမဝင် နယ်မြေချဲ့ထွင်မှုနှင့် စစ် မက်လိုလားသူများ၏ သားကောင်” ဖြစ်နေရကြောင်းနှင့် အနောက်အုပ်စု၏ လွှမ်းမိုးမှုများကို ခုခံကြရန် BRICS+ အဖွဲ့ဝင်နိုင်ငံများ (ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက၊ အီဂျစ်၊ အီသီယိုးပီးယား၊ အင်ဒိုနီးရှား၊ အီရန်နှင့် ယူအေအီး)ကို အာရတ်ဂ်ချီက တိုက်တွန်းခဲ့သည်။
ပင်လယ်ကွေ့ရေကြောင်းသွားလာရေးနှင့် ဟော်မုဇ်ရေ လက်ကြားတွင် အနှောင့်အယှက်များ ဖြစ်ပေါ်နေခြင်းက ရေနံနှင့်သဘာဝဓာတ်ငွေ့စျေးကွက်ကို မတည် မငြိမ်ဖြစ်စေပြီး အိန္ဒိယကဲ့သို့ စွမ်းအင်တင်သွင်းရသည့် နိုင်ငံများအပေါ် ဖိအားများ ဖြစ်ပေါ်စေသည်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဌာနကလည်း ဗုဒ္ဓဟူးနေ့တွင် အိုမန်ကမ်းလွန်၌ အိန္ဒိယအလံတင် သင်္ဘောတစ်စီး တိုက်ခိုက်ခံရမှုကို “လက်ခံနိုင်ဖွယ်မရှိ”ဟု ဆိုကာ ပြင်းထန်စွာ ရှုတ်ချခဲ့သည်။
အာရတ်ဂ်ချီကမူ ဟော်မုဇ်ရေလက်ကြားသည် အီရန်ရေ တပ်နှင့် “ပူးပေါင်းဆောင်ရွက်သော” ကုန်သွယ် ရေးသင်္ဘောအားလုံးအတွက် ဖွင့်လှစ်ထားကြောင်း ပြောကြားခဲ့သည်။ အီရန်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်း စွမ်းအင်နှင့် ဓာတ် မြေဩဇာ တင်သွင်းမှုအပေါ် မှီခိုနေရသော အိန္ဒိယစီးပွား ရေးမှာ များစွာထိခိုက်နေရပြီး တိုးတက်မှုနှုန်းမှာလည်း မရေမရာ ဖြစ်နေသည်။
BRICS အဖွဲ့အတွင်း အရှေ့အလယ်ပိုင်းစစ်ပွဲအပေါ် သဘောထားကွဲလွဲမှုများ ရှိနေပြီး အီရန်ဒုတိယနိုင်ငံ ခြားရေးဝန်ကြီး ကာဇမ် ဂါရီဘာဘာဒီက “အဖွဲ့ဝင်နိုင်ငံတစ်ခု” သည် အီရန်ကို ရှုတ်ချသည့် စာသားများထည့်ရန် တွန်းအားပေးနေသဖြင့် ဘုံသဘောတူညီချက်ရရှိရန် ခက်ခဲနေကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ အိန္ဒိယရဲ့ BRICS အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို အောင်မြင်စေချင်ပါတယ်။ BRICS အဖွဲ့ကြီး သဘောထားကွဲလွဲနေတယ်ဆိုတဲ့ လက္ခဏာမျိုး ကမ္ဘာကို ပြသဖို့ကတော့ မကောင်းတဲ့ ချဉ်းကပ်မှုပါပဲ” ဟု ၎င်းက ဆိုသည်။
ယခုအစည်းအဝေးသည် စက်တင်ဘာလတွင် ကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေးအတွက် အရေးပါသော အကြိုညှိနှိုင်းမှုဖြစ်ပြီး၊ အရှေ့အလယ်ပိုင်းစစ်ပွဲ ရပ်တန့်ရေး သံတမန်ရေးရာ အဖြေရှာနိုင်မည့် လမ်းစတစ်ခုလည်း ဖြစ်နေသည်။
#Iran #BRICS2026 #UAE #India #StraitOfHormuz #MiddleEastWar #BreakingNews #PositiveAngleNews #InternationalRelations
Telegram»…
https://t.me/positiveanglenews
#PAN