(ဒေသဖွံ့ဖြိုးရေး) မေ ၁၄
ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် လွှတ်တော်ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းပွဲများကို မေ ၁၃ ရက်နေ့တွင် ဆက်တိုက် ကျင်းပခဲ့ကြောင်း သိရသည်။
ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် လွှတ်တော်ကိုယ်စားလှယ်ရုံး ဆိုင်းဘုတ်တင်ပွဲကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းချိုနှင့် မြို့နယ်ကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက်ကာ ကျင်းပခဲ့ကြသည်။
ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးက ပါတီဝင်မိသားစုများ၏ သားသမီးများ G-12 အောင်စာရင်း ထွက်ရှိပါက ဆုချီးမြှင့်ရေးနှင့် တက္ကသိုလ်၊ ကောလိပ်များ တက်ရောက်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးရန်၊ လေးမျက်နှာမြို့နယ် အနောက်ဖက်ဒေသရှိ ကျောင်းများကို အမြန်ဖွင့်လှစ်နိုင်ရေး၊ ဆေးရုံကြီးကြပ်မှုကော်မတီများ ပြန်လည်ဖွဲ့စည်း၍ ကျန်းမာရေးဝန်ဆောင်မှုများ တိုးတက်စေရန် ဆောင်ရွက်ရေးနှင့် ပါတီဝင်အင်အား တိုးတက်ရရှိရေးအတွက် တာဝန်ရှိသူများက စည်းရုံးဆောင်ရွက်ကြရန် အကြံပြုလမ်းညွှန်ခဲ့သည်။
အစည်းအဝေးတွင် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များအပေါ် သက်ဆိုင်ရာများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အလားတူ မအူပင်ခရိုင် မအူပင်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများသည် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ကျင်းပသော မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည်။
ယင်းဆွေးနွေးပွဲတွင် ကျေးရွာများ၏ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများ၊ စီမံကိန်းအကောင်အထည်ဖော်မှုများနှင့် အစိုးရ၏ ရက် ၁၀၀ စီမံချက်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းလှုပ်ရှားမှုများသည် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

#PAN