(မှုခင်း) မေ ၁၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ရက်(၁၀၀) စီမံချက်အရ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရာတွင် ပြီးခဲ့သည့် (၃)လအတွင်း ခိုးဆိုးလုနှိုက်မှုများနှင့် ညအချိန်မူးယစ်ရမ်းကားမှုများအပါအဝင် ပြစ်မှုကျူးလွန်သူ စုစုပေါင်း (၁၈) ဦး ဖမ်းဆီးရမိခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။

မြစ်ကြီးနားမြို့တွင် ရက်(၁၀၀)စီမံချက်ညွှန်ကြားချက်အရ နယ်မြေအလိုက်တာဝန်ခွဲဝေကာ နေ့၊ ညမပြတ် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာ ပြီးခဲ့သည့် (၃)လအတွင်း ခိုးဆိုးလုနှိုက်မှု (၁၅) မှုအထိ ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူ (၁၈) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများတွင် ဆိုင်ကယ်ခိုးယူသူ (၁၀) ဦး၊ ခိုးရာပါပစ္စည်းလက်ခံသူ (၁) ဦး၊ ရေမီတာခေါင်းများခိုးယူသူ (၁) ဦးနှင့် ညအချိန်မတော် မူးယစ်ရမ်းကားသူ (၆) ဦးတို့ ပါဝင်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါအမှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး သက်သေခံပစ္စည်းများကို ပိုင်ရှင်များထံ ပြန်လည်အပ်နှံနိုင်ရန်လည်း ရပ်ကွက်တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

ထို့အပြင် Online လိမ်လည်မှု (ကျားဖြန့်) နှင့် အွန်လိုင်းအလောင်းကစားပပျောက်ရေးအတွက်လည်း စစ်ဆေးမှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ မေလ ၁၃ ရက်နေ့တွင် အွန်လိုင်းစလော့ဂိမ်းကစားသူ (၂) ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
#PAN