(ဒေသဖွံ့ဖြိုးရေး) မေ ၁၄
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် ထန်းဇင်လှကြို့ကုန်းကျေးရွာအုပ်စု ထန်းဇင်လှကြို့ကုန်းကျေးရွာတွင် မေ ၁၃ ရက် နံနက် ၁၀ နာရီတွင် ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေးနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဒရယ်ကူး 66 KVA ဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အား ရရှိစေရေးအတွက် ဆပ်သွား၊ ရှောပြာကုန်း၊ ကျုံတဒွန်း၊ ထန်းတပင်၊ ထန်းဇင်လှနှင့် ထန်းဇင်လှကြို့ကုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ မီးလင်းရေးကော်မတီဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
ထို့ပြင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အဖွဲ့ဝင် ဦးကျော်တိုး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုဇင်နှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးနိုင်လင်းထက်တို့လည်း တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် မီးလင်းရေးကော်မတီများကို ကြိုတင်ဖွဲ့စည်းထားရန်၊ 11 KVA လိုင်းနှင့် ထရန်စဖော်မာ ရရှိရေးအတွက် ဘဏ္ဍာနှစ်အလိုက် စီမံကိန်းများရေးဆွဲတင်ပြရန်၊ ကျေးရွာအတွင်း 400 V လိုင်းများ ဆွဲဆောင်ရေးအတွက် လိုအပ်သော ကုန်ကျစရိတ်များကို ကျေးရွာသူ၊ ကျေးရွာသားများက လက်ရှိဈေးနှုန်းအရ ပူးပေါင်းထည့်ဝင်ရန် စသည့် အချက်များကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ကျေးရွာအုပ်စုများမှ မရှင်းလင်းသည့် အချက်များကို မေးမြန်းခဲ့ကြရာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
ယင်းဆွေးနွေးညှိနှိုင်းမှုများသည် ကျေးရွာများတွင် လျှပ်စစ်မီးရရှိရေး လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် အရေးပါသော အဆင့်တစ်ခုဖြစ်ကြောင်း သိရသည်။

#PAN