အိန္ဒိယနိုင်ငံတွင် ကျင်းပသည့် BRICS နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသည် အဘယ်ကြောင့် အရေးပါသနည်း

(နိုင်ငံတကာသတင်းဆောင်းပါး)မေ ၁၄

     အိန္ဒိယနိုင်ငံသည် စက်တင်ဘာလတွင် နယူးဒေလီမြို့၌ ကျင်းပမည့် ၁၈ ကြိမ်မြောက် BRICS ထိပ်သီးအစည်း အဝေးအတွက် အကြိုပြင်ဆင်မှုအဖြစ် မေလ ၁၄ ရက်မှ ၁၅ ရက်အထိ BRICS အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည်။ ကြာသပတေးနေ့ နံနက်ပိုင်းတွင် စတင်သည့် အဆိုပါအစည်းအဝေးသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် တွေ့ဆုံရန် ပေကျင်းမြို့သို့ သုံးရက်ကြာ သွားရောက်သည့် နိုင်ငံတော်အဆင့် ခရီးစဉ်နှင့်လည်း တိုက်ဆိုင်နေ သည်။

     နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ တက်ရောက် သူများနှင့် ယင်းအစည်းအဝေး၏ အရေးပါပုံတို့ကို အောက်တွင် ဆက်လက်ဖော်ပြထားသည်။

BRICS ဆိုသည်မှာ အဘယ်နည်း

     BRICS ဆိုသည်မှာ အဓိက ထွန်းသစ်စ စီးပွားရေးနိုင်ငံများ စုပေါင်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ အနောက်နိုင်ငံများက စီးပွားရေးနှင့် နိုင်ငံရေးအရ အစဉ် အလာအရ လွှမ်းမိုးထားသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ကိစ္စရပ်များတွင် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ (Global South)၏ တောင်းဆိုချက်များကို ပိုမိုကျယ်လောင်စေရန်အတွက် လုံခြုံရေးနှင့် စီးပွားရေးမူဝါဒများကို ပူးပေါင်းဆောင်ရွက်ရန် ရည် ရွယ်သည်။

     BRICS ဟူသော အတိုကောက်စာလုံးမှာ ဘရာဇီး (Brazil)၊ ရုရှား(Russia)၊ အိန္ဒိယ(India)၊ တရုတ် (China) နှင့် တောင်အာဖရိက (South Africa) တို့ကို ကိုယ်စားပြုသည်။ အစောပိုင်းတွင် ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့် တရုတ် လေးနိုင်ငံဖြင့် BRIC အဖြစ် ၂၀၀၆ ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီးများ စတင်တွေ့ဆုံခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ပထမဆုံးအကြိမ် ထိပ်သီးအစည်း အဝေး ကျင်းပခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် တောင်အာဖရိကနိုင်ငံ ပါဝင်လာပြီးနောက် BRICS ဖြစ်လာခဲ့သည်။

၂၀၂၃ ခုနှစ်တွင် အဖွဲ့ဝင်အဖြစ် လျှောက်ထားခဲ့ကြသော အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်၊ ဆော်ဒီအာရေဗျနှင့် ယူအေအီးနိုင်ငံတို့ကို အဖွဲ့ဝင်ဖြစ်ရန် ဖိတ်ခေါ်ခဲ့သည်။ ဆော်ဒီအာရေဗျမှာမူ တရားဝင်ပါဝင်ခြင်း မရှိသေးသော်လည်း ကျန်နိုင်ငံများမှာ အဖွဲ့ဝင်များ ဖြစ် လာခဲ့ကြသည်။ အာဂျင်တီးနားနိုင်ငံကိုလည်း ဖိတ်ခေါ်ခဲ့သော်လည်း ၂၀၂၃ ဒီဇင်ဘာတွင် ရွေးကောက်ခံရသော သမ္မတ ဟာဗီယာ မီလိုင်းက အနောက်နိုင်ငံများနှင့် ဆက်ဆံရေးမြှင့်တင်မည်ဟု ကတိပြုထားသည့် အတွက် ငြင်းပယ်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံမှာမူ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် အဖွဲ့သို့ ပါဝင်ခဲ့သည်။

     အဖွဲ့ဝင်နိုင်ငံများသည် နှစ်စဉ်ထိပ်သီးအစည်း အဝေးကို အလှည့်ကျ အိမ်ရှင်အဖြစ် လက်ခံကျင်းပကြပြီး ဦးစားပေးကိစ္စရပ်များကို ဆွေးနွေးကြသည်။ ၂၀၂၄ ခုနှစ်တွင် ရုရှားက အိမ်ရှင်အဖြစ် ကျင်းပခဲ့ပြီး ယခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ အလှည့်ဖြစ်သည်။ နယူးဒေလီတွင် ကျင်းပမည့် ယခုတစ်ပတ်အစည်းအဝေး၌ နိုင်ငံခြားရေးဝန်ကြီးများသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ကမ္ဘာ့အရေးပါသော ကိစ္စရပ်များတွင် ၎င်းတို့၏ ရပ်တည်ချက်များကို ညှိနှိုင်းဆွေးနွေးကြမည် ဖြစ်သည်။

BRICS နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မည်သည့်နေရာ၊ မည်သည့်အချိန်တွင် ကျင်းပမည်နည်း

     စက်တင်ဘာလ ၁၈ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်သည့်အနေဖြင့် ကျင်း ပသော နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် မေလ ၁၄ ရက် (ကြာသပတေး) နှင့် ၁၅ ရက် (သောကြာ) တို့၌ ကျင်းပမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

     ကြာသပတေးနေ့တွင် ဆွေးနွေးပွဲများကို တစ်နေ ကုန် ပြုလုပ်သွားမည်ဖြစ်ပြီး ည ၇ နာရီတွင် ဂုဏ်ပြုညစာစားပွဲဖြင့် အဆုံးသတ်မည်ဖြစ်သည်။ သောကြာ နေ့တွင်မူ နံနက် ၁၀ နာရီ၌ ဆွေးနွေးပွဲတစ်ခု ထပ်မံပြုလုပ်မည်ဖြစ်သည်။ အစည်းအဝေးအများစုကို အိန္ဒိယတရားရုံးချုပ်အနီးရှိ Bharat Mandapam ပြပွဲနှင့် ညီလာခံခန်းမ၌ ကျင်းပမည်ဖြစ်သည်။

     ကြာသပတေးနေ့ မွန်းလွဲ ၁ နာရီတွင် အိန္ဒိယဝန်ကြီး ချုပ် နာရင်ဒရာမိုဒီသည် ဝန်ကြီးချုပ်ရုံး၏ ရုံးချုပ်အသစ်ဖြစ်သော Seva Teerth အုပ်ချုပ်ရေး အဆောက်အအုံဝင်းအတွင်းမှနေ၍ ရောက်ရှိနေသော ခေါင်းဆောင်များနှင့်အတူ ပူးတွဲညီလာခံဖုန်းခေါ်ဆိုမှု (Joint conference call) တွင် ပါဝင်သွားမည် ဖြစ်သည်။

မည်သူများတက်ရောက်ကြမည်နည်း

     BRICS အဖွဲ့ဝင်နိုင်ငံများနှင့် အဖွဲ့ဝင်မဟုတ်သော နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ကြမည်ဟု မျှော်လင့်ရသည်။

  ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ် တက်ရောက်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားထားသည်။ တောင်အာဖရိကမှ ရော်နယ် လာမိုလာ နှင့် ဘရာဇီးမှ မော်ရို ဗီအဲရာ တို့လည်း တက်ရောက်ကြမည်ဖြစ်သည်။

     တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိမှာမူ ထရန့်၏ ပေကျင်းခရီးစဉ်ကြောင့် တက်ရောက်နိုင်မည်မဟုတ်ပေ။ ၎င်း၏အစား အိန္ဒိယနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီး ရွှီဖေးဟုန် က ကိုယ်စားလှယ်အဖြစ် တက်ရောက်မည်ဟု အိန္ဒိယမီဒီယာများက ဖော်ပြသည်။

     အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ဂ်ချီ သည် အစည်းအဝေးတက်ရောက်ရန် နယူးဒေလီသို့ ရောက်ရှိနေပြီဖြစ်သလို၊ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂီယိုနို လည်း ဗုဒ္ဓဟူးနေ့ကတည်းက ရောက်ရှိနေသည်။

    အမေရိကန်-အစ္စရေးတို့၏ အီရန်အပေါ် စစ်ပွဲကြောင့် ယူအေအီးနှင့် အီရန်အကြား တင်းမာမှုများ မြင့်တက်နေချိန်တွင် ယူအေအီးကို မည်သူက ကိုယ် စားပြုတက်ရောက်မည်ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။

အစည်းအဝေးတွင် မည်သည့်အကြောင်းအရာများ ဆွေးနွေးမည်နည်း

     အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ ယခုအစည်းအဝေး၏ အဓိကသဘောတရားမှာ “ကြံ့ကြံ့ခံနိုင်ရည်ရှိမှု၊ ဆန်းသစ်တီထွင်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ရေ ရှည်တည်တံ့မှုတို့အတွက် တည်ဆောက်ခြင်း” ဖြစ်သည်။ ယင်းမှာ “ကူးစက်ရောဂါနှင့် မကူးစက်နိုင်သောရောဂါများ အပါအဝင် အရေးပေါ်ကျန်းမာရေးစိန်ခေါ်မှုများတွင် ပူး ပေါင်းဆောင်ရွက်ရန်နှင့် လူသားဗဟိုပြု ဘက်စုံကျန်းမာ ရေးစောင့်ရှောက်မှု” အပေါ် အလေးပေးသွားမည်ဟု ဆို သည်။

     သို့သော်လည်း လက်ရှိဖြစ်ပွားနေသော အီရန်စစ်ပွဲက ဆွေးနွေးပွဲကို လွှမ်းမိုးထားဖွယ်ရှိပြီး စက်တင်ဘာ လတွင် ကျင်းပမည့် နှစ်ပတ်လည် BRICS ထိပ်သီးအစည်းအဝေးအတွက် အစီအစဉ်များကိုပါ ချမှတ်သွားမည်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်သည်။

     အီရန်စစ်ပွဲသည် ကြာသပတေးနေ့တွင် ၇၆ ရက်မြောက်နေ့သို့ ရောက်ရှိလာပြီဖြစ်ပြီး ပဋိပက္ခကို ရပ် တန့်ရန် သံတမန်ရေးရာ ကြိုးပမ်းမှုများမှာလည်း မရေမရာဖြစ်နေဆဲဖြစ်သည်။ အီရန်နိုင်ငံခြားရေးဝန်ကြီး အာရတ်ဂ်ချီသည် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျေရှန်ကာ အပါအဝင် အခြားသောအရာရှိများနှင့် သီးခြားတွေ့ဆုံမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

     ပြီးခဲ့သည့် ဧပြီလက နယူးဒေလီတွင် ကျင်းပခဲ့သော အကြိုအစည်းအဝေးတစ်ခု၌ အီရန်နှင့် ယူအေအီးတို့သည် စစ်ပွဲအပေါ် ကိုင်တွယ်ဖြေရှင်းပုံနှင့် ပတ်သက်၍ အငြင်းပွားခဲ့ကြသဖြင့် ပူးတွဲကြေညာ ချက် ထုတ်ပြန်နိုင်ခြင်းမရှိဘဲ ပြီးဆုံးခဲ့ဖူးသည်။ အစ္စရေး၏ ဂါဇာအပေါ် ကျူးလွန်နေသော စစ်ပွဲသည်လည်း အဖွဲ့အတွင်း သဘောထားကွဲလွဲစေသည့် နောက်ထပ်အချက်တစ်ခု ဖြစ်နေသည်။

ထရန့်နှင့် ရှီကျင့်ဖျင်တို့၏ တွေ့ဆုံမှုနှင့် မည်သို့ဆက်စပ်သနည်း

     ထရမ့်သည် ဗုဒ္ဓဟူးနေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံသို့ ရောက်ရှိလာပြီး အခမ်းအနားဖြင့် ကြိုဆိုပြီးနောက် ၎င်း၏ ဟိုတယ်သို့ တန်းသွားခဲ့သည်။ ကြာသပတေး နေ့တွင် ၎င်းသည် တရုတ်သမ္မတနှင့် နှစ်နိုင်ငံဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်ပြီး အမေရိကန်သို့ ပြန်လည်ထွက်ခွာခြင်းမပြုမီ သောကြာနေ့တွင် အလုပ်သဘော နေ့လယ်စာစားပွဲအတွက် သမ္မတရှီနှင့်အတူ ပါဝင်မည်ဖြစ်သည်။

​     ဥရောပနိုင်ငံခြားဆက်ဆံရေးကောင်စီ (ECFR) မှ Rafael Loss က ထရန့်သည် ဟော်မုဇ်ရေလက်ကြား ပြန် ဖွင့်ပေးရန်နှင့် ရေတပ်ထိပ်တိုက်တွေ့မှုကို အဆုံး သတ်ရန်အတွက် အီရန်ကို ဖိအားပေးပေးရန် ရှီကျင့်ဖျင်အား ဆွဲဆောင်နိုင်ခြေရှိသည်ဟု ခန့်မှန်းသည်။ “တန်ဖိုးတစ်ခုခု (အကျိုးအမြတ်)သာ ရမယ်ဆိုရင် ထရန့်ရဲ့ ကာလတိုအကျိုးစီးပွားကို ကြည့်တတ်တဲ့သဘောနဲ့ မဟာမိတ်တွေကို ဂရုမစိုက်တတ်တဲ့ သဘောသဘာဝအရ၊ အီရန်အပေါ်  ပြင်း ထန်တဲ့ ရပ်တည်ချက်မျိုးယူဖို့ ရှီကို စည်းရုံးနိုင်လိမ့်မယ်။ အဲဒီမှာ ထိုင်ဝမ်ကတော့ ကြားညှပ်သွားနိုင်တယ်” ဟု ၎င်းက ဆိုသည်။

ဤအစည်းအဝေးသည် မည်မျှအရေးပါသနည်း

     ဤအစည်းအဝေးသည် အီရန်စစ်ပွဲကြောင့် ဟော်မုဇ်ရေ လက်ကြား ပိတ်ဆို့ခံရမှုနှင့် စွမ်းအင်အကျပ် အတည်း ဖြစ်ပွားနေချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ် သည်။ ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်း ဖြတ်သန်းရာ ရေလက် ကြားကို အီရန်က မတ်လကတည်းက ကန့်သတ်ထားသလို၊ အမေရိကန်ကလည်း အီရန်ဆိပ်ကမ်းများကို ရေတပ်ဖြင့် ပိတ်ဆို့ထားသည်။

     ယင်းကြောင့် ရေနံကို အဓိကအားထားနေရသော အိန္ဒိယနှင့် တရုတ်တို့အပြင် ရေနံတင်ပို့သည့် ဆော်ဒီနှင့် ယူအေအီးတို့ပါ ထိခိုက်နေရသည်။ ဘရာဇီး၊ အီဂျစ်နှင့် တောင်အာဖရိကတို့သည်လည်း လောင်စာဆီစျေးနှုန်း မြင့်တက်မှုဒဏ်ကို ခံနေကြရသည်။ သို့သော်လည်း အတိတ်က ရုရှား-ယူကရိန်းစစ်ပွဲတွင် BRICS က လုပ်ဆောင်ခဲ့သကဲ့သို့ပင်၊ ယခုအစည်း အဝေးမှလည်း နိုင်ငံတကာအချုပ်အခြာအာဏာ ကျူးလွန်ခံရမှုများကို ယေဘုယျသဘောဖြင့် ရှုတ်ချရုံထက်ပိုသော ဘုံသဘောတူညီချက်မျိုး ထွက်ပေါ်လာရန် အလား အလာ နည်းပါးနေသေးသည်။
(Al Jazeera သတင်းဌာနမှ Sarah Shamim ၏ Why the BRICS foreign ministers meeting in India matters
သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)
​​​
#BRICS2026 #India #NewDelhi #IranWar #GlobalEconomy #EnergyCrisis #TrumpInChina #PositiveAngleNews #InternationalRelations

Telegram»…
https://t.me/positiveanglenews

#PAN