(မှုခင်း) မေ ၁၄
ပြီးခဲ့သည့် မေ ၁၁ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့၌ နှစ်လုံး၊ သုံးလုံးထီနှင့် ခြောက်ကောင်ဂျင် လောင်းကစားမှုများကို သက်ဆိုင်ရာရဲတပ်ဖွဲ့များက သတင်းအရ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး သံသယရှိသူများကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။

မေ ၁၁ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဥဿာမြို့သစ်(၃)ရပ်ကွက်ရှိ ဗထူးဈေးအတွင်း၌ နှစ်လုံး၊ သုံးလုံးထီ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ပဲခူးခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ ဝင်ရောက်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် ဆိုင်ခန်းတစ်ခန်းအတွင်း လောင်းကစားပြုလုပ်နေသူ ဒေါ်သီတာအေး(ခ)မဒုံ (၄၀)နှစ်၊ နှင်းသက်ဖြူ (၂၈)နှစ်၊ အောင်ကျော်ကျော်ဘို (၂၀)နှစ်နှင့် အေးမင်းထွန်း (၄၂)နှစ်တို့အား ဆက်စပ်ပစ္စည်းများနှင့် လောင်းကြေးငွေများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ပဲခူးမြို့နယ် အမှတ်(၃)နယ်မြေရဲစခန်းတွင် လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် သာယာဝတီမြို့နယ် ဇီးပွဲကျေးရွာရှိ နေအိမ်တစ်အိမ်၌ သုံးလုံးထီ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ စံရွေးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးခဲ့ရာ မထွန်းရတနာသက် (၂၀)နှစ်ကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ထို့အတူ ညနေ ၆ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် မကျီးလေးပင်နှင့် မကျီးစုကျေးရွာချင်းဆက်လမ်းပေါ်၌ ခြောက်ကောင်ဂျင် လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ဝင်ရောက်စစ်ဆေးခဲ့ရာ ကျော်ငွေ (၆၃)နှစ်နှင့် ကျော်ဇင်ဝင်း(ခ)ဖိုးကုတ် (၃၆)နှစ်တို့ကို လောင်းကစားပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ရမည်းသင်းမြို့မရဲစခန်းတွင် လောင်းကစားဥပဒေပုဒ်မ ၁၅(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ ဖမ်းဆီးရမိသူများကို သက်ဆိုင်ရာဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#PAN