(မှုခင်း) မေ ၁၄
ပြီးခဲ့သည့် မေ ၁၁ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့၌ ယာဉ်တိုက်မှုဖြစ်ပွားမှုနှစ်ခု ဖြစ်ပေါ်ခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့ကာ သက်ဆိုင်ရာယာဉ်မောင်းများအား ရာဇသတ်ကြီးပုဒ်မများဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
မေ ၁၁ ရက် ည ၉ နာရီ ၁၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ရွာသစ်ကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် ၁၄၂ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်အရ မြို့သစ်မြို့မှ ဖြူးမြို့ဘက်သို့ မောင်းနှင်လာသည့် HINO မော်တော်ယာဉ်သည် လားရာတူရှေ့တွင် မောင်းနှင်နေသည့် DAYANG 110 ဆိုင်ကယ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ ဦးဝင်းဗိုလ် (၅၇)နှစ်သည် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။
ယာဉ်မောင်း ဦးညီညီထွန်းအား ကျွဲပွဲနယ်မြေရဲစခန်းတွင် ယာဉ် (ပ) ၈/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားသည်။
အလားတူ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အောက်မင်္ဂလာဒုံလမ်းမပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်အရ YBS-88 ခရီးသည်တင်ယာဉ်သည် ပါကင်ထိုးရန် နောက်ဆုတ်စဉ် နောက်ဘက်တွင် လမ်းလျှောက်လာသူ ဒေါ်ခင်စန်းဝင်း (၇၀)နှစ်အား တိုက်မိခဲ့သဖြင့် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။
ယာဉ်မောင်း သော်ဇင်အား အင်းစိန်မြို့မရဲစခန်းတွင် ယာဉ် (ပ) ၁၇/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှစ်ခုနှင့်ပတ်သက်၍ သက်ဆိုင်ရာရဲတပ်ဖွဲ့များက ဆက်လက်စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



#PAN