ဓနုဖြူမြို့ လူရည်ချွန်ကျောင်းသားများအား စည်ကားသိုက်မြိုက်စွာ ဂုဏ်ပြုကြိုဆို

(ပြည်တွင်း) မေ ၁၄

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့မေ ၁၃ ရက် နံနက် ၉ နာရီခွဲတွင် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုကြိုဆိုပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မိုးလွင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကြည်ဌေး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာကြီးများ၊ ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများ တက်ရောက်ခဲ့ကြသည်။

ယင်းဂုဏ်ပြုကြိုဆိုပွဲတွင် ၃ ထပ်ကွမ်း လူရည်ချွန် (G.9/G.11/G.12) မသဒ္ဓါခွန်းချိုနှင့် လူရည်ချွန် (G.10) မောင်စွမ်းထက်ပိုင်တို့အား အထူးဂုဏ်ပြုခဲ့ကြပြီး လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများကို အခြေခံပညာအထက်တန်းကျောင်း အမှတ်(၂) မှ စုရပ်ထားကာ မော်တော်ယာဉ်များဖြင့် အမှတ်(၁) ကျောင်းသို့ စည်ကားသိုက်မြိုက်စွာ ခေါ်ဆောင်လာခဲ့သည်။

ကျောင်းဝင်းသို့ ရောက်ရှိချိန်တွင် ဘင်ခရာပန်းပွားအဖွဲ့၏ ဦးဆောင်မှုဖြင့် လမ်းဘေးဝဲရာရှိ ကျောင်းသား၊ ကျောင်းသူများက အောင်သပြေများဖြင့် ကြိုဆိုခဲ့ကြပြီး တာဝန်ရှိသူများကလည်း ပန်းကုန်းများစွပ်ကာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။ထို့နောက် တေဇခန်းမတွင် ဆက်လက်ကျင်းပသော ဂုဏ်ပြုပွဲအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့က လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုအမှာစကားများ ပြောကြားခဲ့ကြသည်။

ဆက်လက်၍ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်မှ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

#PAN